Skip to main content

စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့စေရေးညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လွယ်ကူ လျင်မြန် ချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ကျင်းပသည်။

ညှိနှိုင်းဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် လွယ်ကူ လျင်မြန် ချောမွေ့ စေရေးအတွက် ဝိုင်းဝန်းဆွေးနွေး အဖြေရှာနိုင်ရေးကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် တာဝန်ကို ကာလတိုသာ တာဝန်ယူမှာဖြစ်သည့်အတွက် တာဝန်ယူစဉ် ကာလအတွင်းမှာ နိုင်ငံ့စီးပွားရေး လုပ်ငန်း များ လွယ်ကူချောမွေ့စေရေးကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းတွင် နိုင်ငံ့ စီးပွားရေးကို အမြန်ဆုံးဦးမော့လာစေရေး၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများအား ကြိုဆို ဖိတ်ခေါ်ရေး၊ မြန်မာနိုင်ငံ၏ မိတ်ဖက်နိုင်ငံများနှင့် မြန်မာနိုင်ငံကို စိတ်ဝင်စားသော နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ယခင် သဘောတူညီချက်များကို ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊  ယခင်အစိုးရက မူအားဖြင့် သဘောတူထားသည့် ခွင့်ပြုမိန့် စောင့်ဆိုင်း နေသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်း အမြန်ခွင့်ပြုချက်ရရှိရေး၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန် အမြန်တင်ပို့နိုင်ရေးစသည့် စီးပွားရေးဆိုင်ရာ လုပ်ငန်းစဉ်များပါရှိခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် တစ်ကမ္ဘာလုံး စီးပွားရေးကျဆင်း နေချိန်တွင် မြန်မာနိုင်ငံလည်းအပါအဝင်ဖြစ်သောကြောင့် စီးပွားရေးအမြန်ဆုံး နလန်ထူ နိုင်ဖို့ကိုလည်း ကြိုးပမ်းဆောင်ရွက်သွားဖို့ လမ်းညွှန်ထားပါကြောင်း၊ လက်ရှိ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ထဲမှ လက်တွေ့မကျသော၊ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ အဟန့်အတား ဖြစ်စေ သောကိစ္စ ရပ်တွေကိုသာ သေချာစွာ လေ့လာသုံးသပ်ပြီး ပြင်ဆင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေးအစီအစဉ်များ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများ ပြေပြစ်သွက်လက်ရေး၊ ဌာနတွင်းလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အချိန်ကြန့်ကြာမှုလျှော့ချရေး၊ သက်ဆိုင်ရာ ဌာနများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးတို့ကို အဓိကထားကာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စီးပွားရေး လုပ်ငန်းများ ချောမွေ့စေဖို့ ဆောင်ရွက်မည့် Streamlining and Simplifying Procedures ဖြစ်သည့် လုပ်ထုံး လုပ်နည်း အဆင့်များ လျှော့ချကာ ရိုးရှင်းလွယ်ကူစေရေးနည်းလမ်း၊ ဌာနအသီးသီး၏လုပ်ငန်းစဉ်များ၊ ဝန်ဆောင်မှု များကို Online ဝန်ဆောင်မှု ဖြစ်နိုင်သလောက် ရနိုင်အောင် လုပ်ဆောင်မည့် Maximizing Online Services နည်းလမ်း၊ ရင်းနှီးမြှုပ်နှံထားပြီးသူများ ရင်ဆိုင်ကြုံတွေ့ နေရသော အခက်အခဲများကို ပံ့ပိုးကူညီဖြေရှင်း ဆောင်ရွက် ပေးမည့် Assuring aftercare services နည်းလမ်း၊ လုပ်ထုံးလုပ်နည်းစည်းမျဉ်းများကြောင့် စီးပွားရေး လုပ်ငန်းများအပေါ် ဖိစီးမှု ဖြစ်ပေါ်နေခြင်းကို လျှော့ချဖို့ လုပ်ဆောင်မည့် Reducing Regulatory Burden နည်းလမ်း နှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် သိသင့်သိထိုက်သော သတင်းအချက်အလက်များ အချိန် နှင့်တစ်ပြေးညီ ပွင့်လင်းမြင်သာစွာ သိရှိနိုင်စေဖို့ ဆောင်ရွက်သွားမှာဖြစ်သလို အစိုးရ-ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးမှုများကို လိုအပ်သလို စီစဉ်ဆောင်ရွက်သွားမည့် Transparency Enhancement နည်းလမ်းကို ကျင့်သုံးဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ အတိုကောက် အားဖြင့် SMART Programme အဖြစ် သတ်မှတ် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့အပြင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးရာ၌ သက်ဆိုင်ရာဌာနများသို့  သဘောထားမှတ်ချက်များ တောင်းခံခြင်း၊ ထောက်ခံချက်တောင်းခံခြင်းကို ဖြေလျော့မည် ဖြစ်ကြောင်း၊ မဖြစ်မနေ လိုအပ်သည့် ကိစ္စရပ်များ အတွက် တောင်းခံလာပါကလည်း သက်ဆိုင်ရာ ဌာနများက ဆောလျင်စွာ ပြန်ကြားပေးကြရန်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ လွယ်ကူလျင်မြန် ချောမွေ့စေရေးကို အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ရာ ချက်ချင်းဆောင် ရွက်မည့် လုပ်ငန်းများကိုလည်း စီစဉ်ထားပါကြောင်း၊ ပထမလုပ်ငန်းစဉ်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များနှင့် စပ်လျဉ်း၍ ယခင်က ရေးဆွဲထားပြီးဖြစ်သည့် စံချိန်စံညွှန်းမှီ လုပ်ထုံး လုပ်နည်းများ  (Standard Operating Procedure - SOP) ကို ပြန်လည် သုံးသပ်ပြီး၊ ထပ်မံဖြေလျော့ ပေးနိုင်မည့် အစီအစဉ်များဖြင့် ပြန်လည် ပြင်ဆင်ဆောင် ရွက်ရေးအတွက် ဝန်ကြီးဌာနများ နှင့် အမြန်ဆုံးညှိနှိုင်းသွားရန် ဆောင်ရွက်ထားရှိပါကြောင်း။

ဒုတိယအနေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့ (One Stop Service - OSS) စင်တာကို အောင်မြင် နေသော သီလဝါအထူး စီးပွားရေးဇုန်မှ OSS ကဲ့သို့ ပြုပြင်စုဖွဲ့ ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ OSS  များတွင် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ပေး ထားသော အရာရှိကြီးများ အနေဖြင့် ဝန်ကြီးဌာန၊ အဖွဲ့ အစည်းကကျင့်သုံးလျက်ရှိသည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့် အညီ လုပ်ပိုင်ခွင့်ကိုအပြည့်အဝ အပ်နှင်းပြီး လုပ်ဆောင်နိုင်ဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ သို့မှသာ ထိရောက်ပြီး၊ စွမ်းဆောင်ရည် မြင့်မားသည့် OSS ဖြစ်လာမှာဖြစ်ကြောင်း၊ လုပ်ငန်း လိုအပ်ချက်အရ အမှန်တကယ် လိုအပ်သည့် ဌာနတွေများ ထပ်မံဖွဲ့စည်းရန် လိုအပ်ပါက ဖြည့်စွက် ဖွဲ့စည်းသွားမည် ဖြစ်ပါ ကြောင်း။

တတိယလုပ်ငန်းစဉ်အနေဖြင့် စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်ရာတွင် မဖြစ်မနေ ရယူရန်လိုအပ်သည့် လိုင်စင်၊ ပါမစ်နှင့် ခွင့်ပြုမိန့်ကိစ္စများကို ပြန်လည်သုံးသပ် ဆောင်ရွက်မှာ ဖြစ်ပါကြောင်း၊ လိုင်စင်၊ ပါမစ်တွေ ကိုကြည့်မည်ဆိုလျင် တစ်ချို့မှာ စီးပွားရေး လုပ်ငန်းနယ်ပယ်အတွက် စိစစ်ဆောင်ရွက်ရန် လိုအပ်ချက်ရှိသော ကြောင့်လည်းကောင်း၊ ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများအရလည်းကောင်း လိုအပ်သည့် လိုင်စင် အမျိုးအစား ဖြစ်ပါကြောင်း၊ အချို့လိုင်စင်၊ ပါမစ်စသည်တို့မှာ နိုင်ငံ့အတွက်၊ လုပ်ငန်းကဏ္ဍ နယ်ပယ် အတွက် ထိခိုက်မှုများစွာ မရှိနိုင်သလို အန္တရာယ် မရှိသလောက် နည်းပါးသည့် (Low Risk) အခြေအနေမျိုးလည်း ရှိပါကြောင်း၊ အချို့မှာ လုံးဝမလိုအပ်ဘဲ ရယူဆောင်ရွက်နေရသည့် လိုင်စင်၊ ပါမစ်များဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လိုင်စင်၊ ပါမစ် ရယူခြင်းလုပ်ငန်းများကို ဥပဒေနှင့်အညီ လိုအပ်သလို သုံးသပ် ဖြေလျော့ရေး ဆောင်ရွက် သွားရန်ဖြစ် ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ အကြား ပေါင်းစပ်ညှိနှိုင်းပေးရန် လိုအပ်ချက်များရှိပါက ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ် ရေးဝန်ကြီး ဌာန အနေဖြင့် တာဝန်ယူ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးမှာ ဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာ နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကိုလည်း တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်ဆန် စွာ စိစစ်ခွင့်ပြု ဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ် ဆွေးနွေး ပြောကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ညှိနှိုင်းအစည်းအဝေးသို့  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီနှင့် ရန်ကုန် လျှပ်စစ် ဓါတ်အားပေးဝေရေးကော်ပိုရေးရှင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)