ရန်ကုန် ဖေဖော်ဝါရီ ၁၀
ကိုဗစ်-၁၉ ရောဂါ ဖြေလျှော့စဉ်နှင့် ကိုဗစ်လွန်ကာလတွင် ရန်ကုန်မြို့နေ ပြည်သူများနှင့် မိသားစုလိုက်အပန်းဖြေရာ နေရာတစ်ခုအဖြစ် ဥက္ကံမြို့မှ ၁၈မိုင်ကျော်ကွာဝေးသည့် တဘူးလှသည်မှာ သဘာဝအလှတို့ဖြင့် ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။
ဇန်နဝါရီလကုန်ပိုင်းက တဘူးလှဆည်သို့ ရန်ကုန်မြို့မှ ပြည်သူများနှင့် နိုင်ငံခြားသားများ ကားများဖြင့် လာရောက်အပန်းဖြေကြရာ နိုင်ငံခြားသားများအား သွားလာခွင့်မပြုသော်လည်း ပြည်သူများ သွားလာအပန်းဖြေမှုရှိခဲ့ပြီး ဖေဖော်ဝါရီလဆန်းပိုင်း၌ ပြန်လည်တားမြစ်ခဲ့ရာ ယခုအခါ ဥက္ကံ-တဘူးလှဆည်လမ်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်မှုနှင့် ဆည်သို့ အပန်းဖြေ သွားရောက်မှုကို မအူခုံရွာနှင့် ပုံရွာထိပ်တို့၌ ကျေးရွာအထွေထွေအုပ်ချုပ်ရေးမှ တားမြစ်စောင့်ကြပ်လျက် ခွင့်ပြုသောယာဉ်များသာ သွားခွင့်ပြုကြောင်း သိရသည်။
“တဘူးလှဆည်ကြီးက စိမ်းစိုလှပတဲ့ တမံကြီးတစ်ခုပါ။ ပထမပိုင်း ရန်ကုန်မြို့က ပြည်သူတွေသွားကြတယ်။ ဂျပန်၊ ကိုရီးယားနဲ့ အခြားနိုင်ငံခြား သားတွေလည်း လာကြတယ်။ သူတို့ကိုတော့ မြို့နယ်အုပ်ချုပ်ရေးက ပေးမဝင်ဘူး။ တမံပေါ်မှာ အနားယူအပန်းဖြေ စားသောက်ပြီး ပြန်ကြတယ်။ ဆည်ထဲကို စက်လှေနဲ့ သွားခွင့်မရှိတဲ့အတွက် သွားရောက်လည်ပတ်လို့မရဘူး။ နောက်ပိုင်း ဆည်ကိုလာရောက်လည်ပတ်ဖို့ တားမြစ်လိုက်ပါပြီ။ ဆည်ရေဟာ သောက်သုံးရေ၊ စိုက်ပျိုးရေလည်းဖြစ်တယ်။ ပြီးတော့ တမံကြံ့ခိုင်မှုကို ထိခိုက်မှာစိုးတဲ့အတွက် ပိတ်လိုက်တာပါ။ တကယ်တမ်း အပန်းဖြေမယ်ဆိုရင် ဆည်ပေါ်ကို မတက်ဘဲ ဆည်အနီးက တောင်ကုန်း၊ တောတန်းတွေကို လည်ပတ်နိုင်တဲ့ နေရာတွေရှိတယ်။ အခုပိတ်ထားပြီးတော့ တရားဝင်ခွင့်ပြုထားတာ မရှိပါဘူး”ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦး က ပြောသည်။
အဆိုပါ တဘူးလှဆည်သို့ ကားဖြင့် ရာသီမရွေးသွားလာနိုင်ရန် ကွန်ကရစ်လမ်းခင်းကျင်းထားပြီး ဆက်လက်ခင်းကျင်းရန် သုံးမိုင်ကျော် မြေသားလမ်းသာ ကျန်ရှိကာ ရန်ကုန်မြို့နေပြည်သူများ လာရောက်အပန်းဖြေနိုင်ရန် လမ်းတစ်လျှောက် ကျေးလက်အလှ၊ ကျွန်းစိုက်ခင်း၊ အေးချမ်းသော တောတောင်အလှ၊ ဆည်အတွင်း စိမ်းစိုသော ကျွန်းစုများနှင့် အေးမြသောဥက္ကံချောင်းရေတို့က ရန်ကုန်မြို့၏ အနီးဆုံးအပန်းဖြေရာ နေရာတစ်ခုအဖြစ် ဆွဲဆောင်နေသည်။ တဘူးလှဆည်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော အများပြည်သူစိတ်လက်အေးချမ်းစွာ အပန်းဖြေအနားယူနိုင်သည့် နေရာတစ်ခုအဖြစ် ကိုဗစ်-၁၉ ရောဂါ ဖြေလျှော့သောကာလနှင့် ကိုဗစ်လွန်ကာလတို့၌ ဖော်ဆောင်ခဲ့ပါက ထိုလမ်းပိုင်းရှိကျေးရွာတို့၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ပြီး ရန်ကုန်မြို့၏ ခရီးသွားကဏ္ဍကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ရာ ဥက္ကံမြို့ရှိ တဘူးလှဆည်သဘာဝအလှတို့က မိသားစုအပန်း ဖြေရာနေရာတစ်ခုအဖြစ် ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - သန်းစိုး၊ သန်းထိုက်