နေပြည်တော် ဖေဖော်ဝါရီ ၉
နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို Modular Trailer ဖြင့် ဆီမီးခုံဆိပ်ကမ်းမှ တည်ထား ကိုးကွယ်မည့် နေပြည်တော်ကောင်စီနယ်မြေသို့ ဒုတိယ အကြိမ် ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန် မြို့နယ် ဆီမီးခုံကျေးရွာ အနီး၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ငါန်းဇွန် မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တမာဏိတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုဦး နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ငါန်းဇွန်မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးအမှူးပြုသော သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို ဆရာတော်ကြီးများ၊ ဒုတိယဗိုလ်ချုပ် ကြီး ကံမြင့်သန်းနှင့် တပ်မတော်အရာရှိကြီးများက အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်တော်မူကြသည်။ ။
ယင်းနောက် ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများအား ပင့်ဆောင်ရန်အတွက် အစီအစဉ် အတိုင်း ဆက်လက်ဆောင်ရွက်ကြပြီး ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်လောင်းလျာ ပင်မကျောက်တော်ကြီးမှ ပလ္လင်တော်အပိုင်း ၂ နှင့် အပိုင်း ၄ တို့ကို တင်ဆောင်ထားသည့် Modular Trailer များသည် မင်္ဂလာအချိန်တွင် စတင်ပင့်ဆောင်ထွက်ခွာကြရာ ငါန်းဇွန် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် တက်ရောက် လာကြသူများက ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်