Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဌာနအကြီးအကဲများနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် ဝန်ထမ်းများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၉

ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ Social Distancing စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနတာဝန်ခံများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို အောင်အောင်မြင်မြင်နှင့် ရည်မှန်းချက်ထား၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဝန်ထမ်းများ အနေဖြင့်လည်း ဟန်ချက်ညီညီ လိုက်ပါဆောင်ရွက်ရန် လိုအပ်ပြီး နိုင်ငံဝန်ထမ်းများ အနေဖြင့် ဝန်ထမ်းစည်း မျဉ်းစည်းကမ်းများကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် ခရီးသွားလုပ်ငန်းကို အခြေခံ၍ နိုင်ငံ၏စီးပွားရေးကို ပိုမိုတိုးတက် ကောင်းမွန် လာစေရန်နှင့် နိုင်ငံတကာတွင်လည်း နိုင်ငံ၏ပုံရိပ်ကောင်းမွန်‌အောင် ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်သင့်လုပ်ထိုက်သည်ကို ရဲရဲ တင်းတင်း လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ Social Distancing စနစ်ဖြင့်လည်းကောင်း၊ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့်လည်းကောင်း တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ လက်ရှိလုပ်ဆောင်နေ သောလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ပြီး ရှေ့ဆက်လက်လုပ် ဆောင်ရမည့် လုပ်ငန်းများတွင်လည်း တာဝန်ကျေပွန်စွာ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးစေ လိုပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းတာဝန်များကို လစ်ဟင်းမှု မရှိစေရန် အထူး သတိပြု စေလိုပါကြောင်း၊  နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဤဝန်ကြီး ဌာနကို ဂရုတစိုက် အထူးအလေး ထားပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ဝန်ထမ်းစည်း မျဉ်းစည်းကမ်းများ လိုက်နာ၍ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီး ဌာနက လက်ရှိချမှတ် ထားသော မူဝါဒများနှင့် လုပ်ငန်းများကို ယခုကာလ မူဝါဒများနှင့်အညီ ကိုက်ညီပါက ပိုမိုကောင်းမွန်အောင် ဆက်လက်အကောင် အထည်ဖော်သွားမည်ဖြစ်ပါ ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းများအားလုံး အားသွန်ခွန်စိုက် ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားကြောင်း သိရ သည်။

(သတင်းစဉ်)