Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၈

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲတို့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဒါရိုက်တာအစည်းအဝေးခန်းမ၌  ဗီဒီယိုကွန်ဖရင့်  စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

အစည်းအဝေး၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေရေးကြေးရေး စနစ်ကို ဦးဆောင်ရသည့် အဖွဲ့အစည်းဖြစ်၍  နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ သက်ရောက်မှုကြောင့် နိုင်ငံ၏ စီးပွားရေး အကျပ်အတည်းများ ဖြစ်ပေါ်နေချိန်တွင် ငွေရေးကြေးရေးပိုင်း၌ ချေးငွေများ ရရှိနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေးအတွက် ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများ အားလုံး ထိရောက်မြန်ဆန်စွာ ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လုပ်ငန်းများ အောင်အောင်မြင်မြင် ဖြစ်စေရေး နည်းလမ်းများကို ရှာဖွေပြီး လစ်ဟာမှုများ မရှိစေရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခေါင်းဆောင်ပိုင်းများအနေဖြင့် လုပ်ငန်းများ အားလုံးကို ခြုံငုံနားလည်ပြီး ခေါင်းဆောင်မှုစွမ်းရည် တိုးတက်ပြည့်ဝရေး အမြဲလေ့လာဆောင်ရွက်ထားရန် ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေး၊ ဝန်ထမ်းများ၏ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ ရရှိရေး၊ သုတေသန လုပ်ငန်းများကို အားကောင်းခိုင်မာလာစေရန် ဆောင်ရွက်ရေး၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များ ပိုမိုတိုးတက်ရေး၊ ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် လုပ်ငန်းဆောင်ရွက်ရာ၌ သွက်လက်မြန်ဆန်ပြီး အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အဓိကလုပ်ငန်း တာဝန်ဖြစ်သည့် ငွေရေးကြေးရေး စနစ်တည်ငြိမ် ခိုင်မာမှုနှင့် ဈေးနှုန်း တည်ငြိမ်မှုများကို အောင်မြင်မှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်ရေး တို့နှင့် ပတ်သက်၍ မှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများက မိမိတို့၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)