ရန်ကုန် ဖေဖော်ဝါရီ ၈
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နံနက် (၅) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ လေးဆူဓါတ်ပုံရွှေတိဂုံ စေတီတော် အထက်ပစ္စယံ တနင်္ဂနွေထောင့်၌ ကျင်းပသည့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ပွဲ၊ ချမ်းသာကြီး တန်ဆောင်း၌ကျင်းပသည့် စေတီတော်မြတ်ကြီး ပြန်လည်ဖူးမြော် ကြည်ညိုပွဲမဟာ မင်္ဂလာအခမ်းအနားနှင့် အသံမစဲမဟာပဋ္ဌာန်း ပူဇော်ပွဲအခမ်းအနားတို့သို့ တက်ရောက်ဖူးမြော်ကြည်ညိုသည်။
အခမ်းအနားများသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်သန်လျင်မင်းကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓါနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဆရာတော်ကြီးများ၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ ဆရာတော်ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်၍ နိုင်ငံတော် သြဝါဒါစရိယ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတိလောကာ ဘိဝံသထံမှ အနုမောဒနာတရားနာယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၏ သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပဝရာ ဘိဝံသက ပဋ္ဌာန်းတရား ရွတ်ဖတ်ပူဇော်ခြင်းအကျိုးတရားများ ဟောကြား ချီးမြှင့်တော်မူသည်။
ယင်းနောက် မဟာပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သံပြိုင်ရွတ်ဆိုပူဇော်ကြပြီး တာဝန်ကျ ပဋ္ဌာဏဘာဏက ဆရာတော်က မဟာပဋ္ဌာန်းပါဠိတော်ကို ဆက်လက်ရွတ်ဖတ် ပူဇော်သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲ (၂) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ) အစည်းအဝေး ခန်းမ၌ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာရေး အသင်းအဖွဲ့ (၁၄) ဖွဲ့မှ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လက်ရှိအခြေအနေနှင့် ဆောင်ရွက်ချက်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်က အသိအမှတ် ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည့် အခြေအနေကို ရှင်းလင်းပြောကြားပြီး ဘာသာရေးအသင်းအဖွဲ့ အသီးသီးမှ ဘာသာရေး ခေါင်းဆောင်များအနေဖြင့် လိုအပ်ချက်များ အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းဆွေးနွေး စေလိုပြီး ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ခရစ်ယာန်ဘာသာရေး အသင်းအဖွဲ့ (၇) ဖွဲ့၊ အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့ (၅) ဖွဲ့နှင့် ဟိန္ဒူဘာသာရေး အသင်းအဖွဲ့ (၂) ဖွဲ့တို့မှ ဘာသာ ရေးခေါင်းဆောင် အသီးသီးက တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)