Skip to main content

အများပြည်သူ စိတ်နှလုံးအေးချမ်းဖူးမြော်

မြန်မာပြည်သူ ပြည်သားအများစုသည် နေ့ကြီးရက်ကြီးအခါကာလများတွင် သာမကနေ့စဉ်နေ့တိုင်းဘုရား၊ စေတီ၊ ပုထိုး၊ကျောင်းကန်များသို့သွားရောက်၍ ဘုရား၊ တရား၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ ကောင်းမှုများ တိုးပွားအောင် ပြုလေ့ရှိသည်။ ဘုရားရိပ်၊ တရားရိပ်၊ သံဃာရိပ်သည် အရိပ်တကာအရိပ်တွင် အေးချမ်းဆုံး အရိပ်ဖြစ်သည်။

ဘုရား၊ ကျောင်း၊ ကန်အရိပ်အာဝါသများသည် လူတို့စိတ်နှလုံးငြိမ်းချမ်း စေသည်။ ပူပန်သောကများ၊ စိတ်ညစ်နွမ်းမှုများ စသည့် မကောင်းသော စိတ် နှလုံးသားတို့သည် ဘုရားရိပ်၊ တရားရိပ်သို့ရောက်သည်နှင့် ကွယ်ပျောက်၍ ကြည်လင်လန်းဆန်းအေးမြစေသည်။ ထို့ကြောင့် ဘုရား၊ ကျောင်း၊ ကန်များသို့ ပြည်သူများ မကြာခဏသွားရောက်ကြသည်။ ပြီးခဲ့သည့်ကာလတွင် ကိုဗစ်၁၉ ကပ်ရောဂါကြီး ဖြစ်ပွားနေသည့်အတွက် စေတီ၊ ဘုရား၊ ပုထိုးများသို့ လာရောက်ဖူးမြော်ခြင်းကို ရပ်ဆိုင်းထားသည်။

မြန်မာနိုင်ငံရှိ စေတီဘုရားများတွင် အထင်ရှားဆုံးဖြစ်သည့် ရန်ကုန်မြို့ ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး ဖူးမြော်ခွင့် ယာယီရပ်ဆိုင်းထားသည်မှာ ၁၀ လတာကာလရှိပြီဖြစ်၍ အများပြည်သူတို့မှာ အဝေးမှပင် ရည်မှန်းဖူးမြော် ကြရပေသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီး၊ ကုသရေး လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်သောကြောင့် ရောဂါ ကူးစက်ပျံ့နှံ့မှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်ရာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ စေတီတော်ဂေါပကအဖွဲ့ ဩဝါဒါ စရိယဆရာတော်များ၏ ဩဝါဒနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ယနေ့မှစတင်၍ ဖူးမြော် ကြည်ညိုခွင့်ရရှိပြီ ဖြစ်သည်။

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးကဲ့သို့ အခြားစေတီဘုရားများ တွင်လည်း ဖူးမြော်ကြည်ညို ခွင့်ရရှိကြသည့်အပြင် မြန်မာပြည်တစ်ဝန်းရှိ ဒေသအသီးသီးမှ စေတီဘုရားအားလုံးတွင်လည်း ဖူးမြော်ကြည် ညိုခွင့် ရရှိကြပြီဖြစ်ရာ ပြည်သူအများ ဝမ်းမြောက်ဝမ်းသာ စိတ်နှလုံးချမ်းသာကြ မည်ဖြစ်သည်။ လက်ရှိကာလကဲ့သို့ စိတ်နှလုံးပူပန်နေသောကာလတွင် စေတီဘုရားများအား ဖူးမြော်ကြည်ညိုခြင်းသည် အကောင်း ဆုံးသော ကိုယ်စိတ်နှလုံး သန့်စင်ခြင်းပင် ဖြစ်သည်။ လများရှည်ကြာစွာ ဘုရားဖူး ပြည်သူများနှင့်ကင်းကွာခဲ့သောစေတီဘုရားများအား ကုသိုလ်ပြု သန့်ရှင်းခြင်း၊ ရောင်တော်ဖွင့်ကြခြင်း၊ ပန်း ရေချမ်းကပ်လှူခြင်းဖြင့် လက်ရှိဘဝသာမက နောင်တမလွန်အတွက်ပါ ကောင်းသောအကျိုးတရားများ တိုးပွားစေမည်ဖြစ် သည်။

ဘုရားဖူးမြော်ခြင်းအစီအစဉ်ကို ဖေဖော်ဝါရီလ၈ရက်နှင့်၉ရက်နေ့တို့တွင် ရဟန်းသံဃာ၊ သီလရှင်များ ဖူးမြော်နိုင်ရေးကို ဦးစားပေးခွင့်ပြုထားပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်အရွယ်ကြီးရင့်သူများ၊ မသန်စွမ်း ပြည်သူများအား ဖူးမြော်ခွင့်ဦးစားပေးထားသည်ကို နားလည်ပေးရမည်ဖြစ် သည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်၍ ရဟန်း၊ ရှင်လူ၊ ပြည်သူအားလုံး ဖူးမြော်ခွင့်ရရှိလာမည်ဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ ကူးစက်ရောဂါမှာ

အရှင်းမပျောက်သေးသဖြင့် ဘုရားဖူးမြော်ခြင်းကို အပြည့်အဝဖူးမြော်ခွင့် မရရှိနိုင်သေးသည်ကိုလည်း နားလည်ပေးရမည်ဖြစ်သည်။ ယခုအခြေအနေ သည် ဘုရားဖူးမြော်ရန်သက်သက်ဖြစ်ပြီး ဘုရားတွင် လူစုလူဝေးဖြင့် အလှူ အတန်းပွဲလမ်းသဘင်များကို ခွင့်မပြုသေးသည်ကို သတိပြုရမည်ဖြစ်သည်။

ဘုရားဖူးမြော်ရန်အတွက် လူဦးရေကန့်သတ်ထားခြင်း၊ မှတ်ပုံတင် စာရင်းသွင်းခြင်း၊ ဖူးမြော်ချိန်ကာလအကန့် အသတ်ရှိခြင်း၊ ကိုဗစ်-၁၉

ရောဂါဆိုင်ရာ ကျန်းမာရေးစည်းကမ်းနှင့်အညီ လိုက်နာဖူးမြော်စေခြင်းတို့ နှင့်ပတ်သက်၍ အသိတရားဖြင့် ပါဝင်ဆောင်ရွက်ပေးရမည်ဖြစ်သည်။ အထူး သဖြင့် လူအများအပြား လာရောက်ဖူးမြော်ကြည်ညိုလေ့ရှိသော တန်ခိုးကြီး ဘုရားများတွင် သတ်မှတ်ထားသော စည်းကမ်းများကို ပိုမိုအလေးထားကြရ မည်ဖြစ်သည်။ ဘုရားဖူးမြော်ရာတွင် အခြေအနေအချိန်အခါအရ ကန့်သတ် ချက်များ၊ စည်းကမ်းများ များနေသည်ကို နားလည်ကြရမည်ဖြစ်သည်။

ယခုဖေဖော်ဝါရီလမှစတင်၍ ကောင်းမွန်သော အပြောင်းအလဲများ စတင်လိုက်ခြင်းဖြင့် ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့အောင် ဖန်တီးကြ သင့်ပါသည်။ ကာလရှည်ကြာစွာ မွန်းကျပ်မှုများကြားမှ စတင်လွတ်မြောက် လာသည့် အချိန်ကာလဟု ဆိုရမည်ဖြစ်သည်။ ဘုရားဖူးခြင်း၊ ခရီးသွားခြင်း အစီအစဉ်များသည် ပြည်သူများ အနှစ်သက်ဆုံး၊ လိုလားတောင့်တဆုံး အစီ အစဉ်များဖြစ်သည်။ ယင်းအစီအစဉ်များကို ယခုအခါ စတင်နိုင်ပြီဖြစ် သည်။

ကောင်းသောအစီအစဉ်များဖြစ်၍ ကုသိုလ်လည်းရ၊ စိတ်လည်းချမ်းသာ၊ မင်္ဂလာလည်း ရှိအောင် စည်းကမ်းလိုက်နာခြင်းဖြင့် ဆောင်ရွက်ကြဖို့ မေတ္တာ ရပ်ခံတိုက်တွန်းအပ်ပါသည်။