Skip to main content

ကိုဗစ်-၁၉ နောက်ဆွယ်မှ လူကုန်ကူးမှုအန္တရာယ်

ကိုဗစ်-၁၉ ကပ်ရောဂါ ကာလရှည်ကြာမှုနှင့်အတူ စီးပွားရေးယန္တရားများ လေးလံတုံ့ဆိုင်းကျဆင်းသွားမှုက လူအမြောက်အမြားကို အလုပ်လက်မဲ့ဖြစ်စေသည့်အပြင် ဝင်ငွေနည်းလူတန်းစားနှင့် ဝင်ငွေပုံမှန်မရှိသူများကိုပါ ဘဝရပ်တည်ရေးခက်ခဲစေသည်။ ဆင်းရဲ တွင်းကိုပိုမို၍ နက်စေသည်။ ယင်းအခြေအနေက လူကုန်ကူး ဒုစရိုက် သမားများအတွက် အခွင့်အရေးတစ်ခုဖြစ်စေပြီး လူကုန်ကူးမှု ဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေသည်။ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများ လူကုန်ကူးခံရနိုင်သည့် အန္တရာယ်အလားအလာကို အထူးဂရုပြုရန်လိုအပ်သည်။

၂၀၁၉ ခုနှစ်အတွင်းက မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုများကို လေ့လာပါက အဓမ္မလက်ထပ် ထိမ်းမြားမှု ၁၈၉ မှု၊ အဓမ္မခိုင်းစေမှု ၃၀၊ အဓမ္မပြည့်တန်ဆာပြုမှု ၁၇ မှု အဓမ္မအား ကိုယ်ဝန်ဆောင်မှု နှစ်မှုနှင့် အဓမ္မမွေးစားမှု တစ်မှုတို့ဖြစ်ရာ လူကုန်ကူးမှု၏ အဓိကသားကောင်များမှာ အသက်ငယ်ရွယ်သော အမျိုးသမီးများနှင့် ကလေးများဖြစ်သည်ဟု တွေ့ရမည်ဖြစ်သည်။ လူကုန်ကူးမှု၏အနက်အဓိပ္ပာယ်မှာ လူတစ်ဦးကအခြားသူတစ်ဦးကို ခေါင်းပုံဖြတ်ရန် ရည်ရွယ်၍ ခြိမ်းခြောက်အနိုင်အထက်ပြုသည့် နည်း၊ သွေးဆောင်ခေါ်ယူသည့်နည်း လိမ်လည်လှည့်ဖြာသည့်နည်း၊ အခွင့်အာဏာကို အလွဲသုံးစားပြုသည့်နည်း၊ ဘဝရပ်တည်ရန် ခက်ခဲနေသော အခြေအနေအပေါ် အခွင့်ကောင်းယူသည့်နည်း မိဘ၊ အုပ်ထိန်းသူများကို ငွေကြေးတစ်စုံတစ်ရာပေးသည့်နည်းလမ်းများ ဖြင့် လူစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်း၊ ရောင်းချ၊ ဝယ်ယူ၊ ငှားရမ်း၊ ခိုလှုံခွင့်ပေး လက်ခံခြင်းတို့ကို ပြုလုပ်ကြခြင်းပင် ဖြစ်သည်။ ဤသို့ပြုလုပ်ရာတွင် လူကုန်ကူးခံရသူကိုယ်တိုင်က သဘောတူလိုက်ပါလာခြင်းဖြစ်စေကာမူ ပြစ်မှုမြောက်သည်ဟုလည်း ဖွင့်ဆိုထားသည်။

လူကုန်ကူးမှု ကျူးလွန်ကြသူအများစုမှာ အမျိုးသမီးများဖြစ်ပြီး တစ်ခါတစ်ရံတွင် ယုံကြည်စိတ်ချရသည့် မိတ်ဆွေများ၊ ဆွေရင်းမျိုး ရင်းများနှင့် အမိအဖတို့ကိုယ်တိုင်က ကျူးလွန်ကြကြောင်းကိုလည်း တွေ့ရှိရသည်။ ဆင်းရဲမွဲတေမှုကြောင့် စားဝတ်နေရေး ဘဝရပ်တည် ရေး ခက်ခဲနေသူ မိန်းကလေးများအား စားသောက်ဆိုင်တွင် အလုပ်ရ မည်၊ စတိုးဆိုင်တွင် အလုပ်ရမည်၊ လစာကောင်းမည်၊ တရုတ် ယောက်ျားနှင့်ယူပါက တင့်တောင့်တင့်တယ်နေရမည်၊ ကျပ်သိန်း ပေါင်း မည်ရွေ့မည်မျှပေးမည်။ ကလေးမွေးပြီးပါက မည်မျှပေးမည် စသည်ဖြင့် ဆွဲဆောင်သိမ်းသွင်းမှုပြုကြပြီး ရွှေငွေ လက်ဝတ်လက်စား အနည်းငယ်၊ ငွေကြေးအချို့ အဝက် ပေးကမ်းမြူဆွယ်ကြကာ လူကုန်ကူးခံရမည့်သားကောင်မိန်းကလေးကိုယ်တိုင်က သဘောတူ လိုက်ပါလာအောင် သွေးဆောင်ခေါ်ယူကြခြင်း ဖြစ်သည်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်း ဆိုင်ရာရုံး၏ ၂၀၁၈ ခုနှစ် လူကုန်ကူးမှု အစီရင်ခံစာ ထုတ်ပြန်ချက်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စိစစ်ဖော်ထုတ်မှုများအရ လူကုန်ကူးခံရသူ အရေအတွက် များပြားလာကြောင်း၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင် လူကုန်ကူးခံရမှု အမျိုးအစားများတွင် အမျိုးသား ၂၉ ရာခိုင်နှုန်း၊ အမျိုးသမီး ၄၈ ရာခိုင်နှုန်း၊ ကလေးသူငယ်(ယော ) ရာခိုင်နှုန်း၊ ကလေးသူငယ်(အမျိုးသမီး) ၁၉ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု ၆၀ ရာခိုင်နှုန်း၊ လုပ်အားခေါင်းပုံဖြတ်မှု ၃၈ ရာခိုင်နှုန်းတို့ ပါဝင်ကြောင်း မြန်မာနိုင်ငံ တွင်လူကုန်ကူးသူ အမျိုးသမီးတရားခံများကို အများဆုံးတရားစွဲတင် စီရင်ချက်ချ ခဲ့ကြောင်း ဖော်ပြထားသည်။

လူကုန်ကူးမှုများ၏အခြေခံအကြောင်းရင်းများတွင် ဆင်းရဲမွဲတေမှု၊ အသိဉာဏ်ဗဟုသုတနှင့် ပညာရည်နိမ့်ပါး မှုတို့ပါဝင်ရာ ကိုဗစ်-၁၉ ကြောင့် ရိုက်ခတ်ဖြစ်ပေါ်လာသည့် စီးပွားရေးအကျပ် အတည်း လှိုင်းတံပိုးများကြောင့် အမျိုးသမီးငယ်များနှင့် ကလေးများ လူကုန်ကူးမှုသားကောင်အဖြစ် ကျရောက်မည့် အန္တရာယ်မှ ဝိုင်းဝန်း ကာကွယ်ကြရမည်ဟု နှိုးဆော်အပ်ပါကြောင်း။