Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မိုးစွေသစ်တောသုတေသနနှင့် သစ်တောစိုက်ခင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၇

 သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်- တောင်တွင်းကြီးလမ်း၊ ဥတ္တသီရိမြို့ နယ်ရှိ သစ်တောသုတေသနစခန်း အမှတ်(၅)၊ မိုးစွေစခန်းသို့ သွားရောက်၍ သစ်တော ဦးစီးဌာန၊ သစ်တောသုတေသနဌာနမှ ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးစွေသစ်တောသု‌တေသနစခန်း ရှင်းလင်းဆောင် တွင် သစ်တောသုတေသနဌာန ညွှန်ကြားရေးမှူးက သုတေသနစခန်း (၁၀)ခု ဖွင့်လှစ်ထားရှိပြီး စခန်း (၈)ခုတွင် မြန်မာနိုင်ငံ သစ်တောများပြန်လည် တည်ထောင် ရေး စီမံကိန်း(MRRP)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ အဆိုပါ စခန်းများ အနေဖြင့် ဒေသတွင်း ပေါက်ရောက်သည့် သစ်မျိုးစုံ မျိုးစေ့များအား စုဆောင်းခြင်း၊ ပျိုးထောင်ခြင်း၊ ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိမှု၊ မိုးစွေစခန်းတွင် မြန်မာနိုင်ငံ၌ ကျွန်းအဓိကပေါက်ရောက်သည့်ဒေသ(၈)ခုမှ ကျွန်းမျိုးရိုးဗီဇ(၈) မျိုးအား ဧက(၄၀) စမ်းသပ် တည်ထောင်ထားရှိမှု၊ မြန်မာနိုင်ငံအနှံ့အပြားရှိ ကျွန်းမျိုးသန့် မိခင်ပင် (Plus Tree)မှ မျိုးရိုးဗီဇများကို ခန္ဓာပိုင်မျိုးပွားဥယျာဉ် (Hedge Garden) တည်ထောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိမှု၊ ဝန်ထမ်းများကိုလည်း လုပ်ငန်းဆောင်ရွက်မှု အနည်း အများကို လိုက်၍ စခန်း(၁၀)ခုတွင် တာဝန်ချထားမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သစ်တောသုတေ သနစခန်း များတွင် ဝန်ထမ်းများ တာဝန်ချထား ခြင်းနှင့်ပတ်သက်၍ ဝန်ထမ်းအင်အား လိုအပ်မှုရှိပါက တင်ပြတောင်းခံသွားရန်လိုကြောင်း၊ ကျွန်းအဓိကပေါက်ရောက်သည့်  ဒေသ(၈)ခုမှ ကျွန်းမျိုးရိုးဗီဇ(၈) မျိုးအား စမ်းသပ်တည်ထောင်ခြင်းနှင့် ပတ်သက်၍ ကျွန်းပင် ပေါက် ရောက်မှု ကောင်းမွန်သည့် မျိုးရိုးဗီဇများကို ပိုမိုကောင်းမွန် ပြုစုပျိုးထောင် သွားရန်လို ကြောင်း၊ ဌာနစိုက်ခင်းများနှင့် ပုဂ္ဂလိကစိုက်ခင်းများတွင် အဆိုပါ ရှင်သန် ကြီးထွားမှု ကောင်းမွန်သော မျိုးသန့်ပျိုးပင်များကို ဖြန့်ဝေစိုက်ပျိုးသွားရန်လိုကြောင်း၊ စိုက်ပျိုးမည့် ဒေသ၏ မြေအမျိုးအစားနှင့် ရာသီဥတု အခြေအနေ ကိုလိုက်၍ မည်သည့်သစ်မျိုး စိုက်ပျိုးသင့် သည်ကို သုတေသနပြုလုပ်၍ အကြံပြုသွားရန်လိုအပ်ကြောင်း၊ စီးပွားရေးအရ အကျိုးအမြတ်ရှိမည့် သစ်မျိုးများကို ပုဂ္ဂလိကစိုက်ခင်းများတွင် စိုက်ပျိုးနိုင်ရေးအတွက် သုတေသနပြုလုပ်၍ တွေ့ရှိချက်ရလဒ်များကို ဖြန့်ဝေပေးသွားရန်လိုကြောင်း၊ သစ်တော သုတေသနဌာနမှ သစ်စေ့ထုတ်ဧရိယာများ တည်ထောင်ခြင်း၊ Plus Tree များ ရွေးချယ် ခြင်းနှင့်ပတ်သက်၍ ပိုမိုအားထည့်ဆောင်ရွက်သွားရန်လိုကြောင်း၊ ၎င်းအပြင် စိုက်ခင်းများ တွင် ကျရောက်တတ်သည့် ရောဂါပိုးမွှားများနှင့် ပတ်သက်၍ သုတေသနပြုလုပ်၍ ကာကွယ် နှိမ်နင်းနိုင်သည့်နည်းလမ်းများကို ဌာနစိုက်ခင်းနှင့် ပုဂ္ဂလိကစိုက်ခင်းများသို့ ဖြန့်ပေးသွား ရန်လိုကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် တည်ထောင်သည့် စိုက်ခင်းများတွင် Pot tube ဖြင့် ပျိုးထောင်ထားသော ပျိုးပင်များ ထည့်သွင်းစိုက်ပျိုး၍ ၎င်းအပင်များ ကြီးထွားရှင်သန်မှုကို ပျိုးအိတ်ဖြင့် ပျိုးထောင်၍ တည်ထောင်သည့် စိုက်ခင်းအခြေအနေနှင့် နှိုင်းယှဉ်စမ်းသပ် သုတေသနအကွက်များပြုလုပ်၍ စနစ်တကျ မှတ်တမ်းတင်လေ့လာတင်ပြသွား ရန်လို ကြောင်း။

သုတေသနလုပ်ငန်းများကို မိမိအနေဖြင့်ပိုမိုအလေးထားအားပေးလိုပါကြောင်း၊ သုတေသန ရလဒ်များအပေါ်မူတည်၍ ဌာနစိုက်ခင်း နှင့် ပုဂ္ဂလိကစိုက်ခင်းများ ရှင်သန်အောင်မြင်ရေး နှင့် အပင်များတွင် ကျရောက်တတ်သည့် ပိုးမွှားရောဂါအန္တရာယ် ကာကွယ်နိုင်ရေး အတွက် ပိုမိုအကြံပြုပေးနိုင်မည်ဖြစ်ပါကြောင်း၊ သုတေသနဌာနအတွက် လိုအပ်သည့် ဝန်ထမ်း အင်အားနှင့် ဘတ်ဂျက်များကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးစွေသုတေသနစခန်းတွင် တည်ထောင် ထားရှိသည့် ပျိုးဥယျာဉ်သို့သွားရောက်ကာ သစ်စေ့ပျိုးထောင်ခြင်း၊ ပျိုးပင်ကူးပြောင်းခြင်းနှင့် ပျိုးထောင်ထားရှိသည့် ပျိုးပင်ကြီးများ၊ Pot tube ဖြင့် ပျိုးထောင် ထားသော ပျိုးပင်များကို စမ်းသပ်စိုက်ပျိုးခြင်းကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် - တောင်တွင်းကြီး လမ်းဘေးတွင် ၂၀၀၈ ခုနှစ်က တည်ထောင် ထားရှိသည့် တစ်ရှူးနည်း ၊ အညွန့်ကိုင်းထိုးခြင်း၊ ပျိုးအိတ်၊ လက်ဆက်သည့်ကိုင်းထိုးနည်း နှင့် ကိုင်းကူးကိုင်းဆက်နည်း နည်း(၅)မျိုးဖြင့် စမ်းသပ် ပျိုးထောင်၍ block (၅)ခုခွဲကာ စိုက်ပျိုးထားသည့် planting stock  trail (၂ ဒသမ ၂၈) ဧကကို လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်က တည်ထောင်ထားရှိသည့် ကျွန်းမျိုးသန့် ဥယျာဉ်(၂)ဧကကို လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်က တည်ထောင်ထားရှိသည့် ကျွန်းရော နှောစမ်းသပ်ကွက် (၁ ဒသမ ၅) ဧကကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်က တည်ထောင်ထားရှိ သည့် ခန္ဓာပိုင်းမျိုးထုတ်ဥယျာဉ် (၂) ဧက ကိုလည်းကောင်း၊ ၁၉၈၈ ခုနှစ်က တည်ထောင် ထားရှိသည့် ကျွန်းအနက်စင်း စမ်းသပ် ကွက်(၆)ဧက၊ ၁၉၈၀ ခုနှစ်က တည်ထောင် ထားရှိသည့် ပိတောက်ကိုင်းချိုင်ခြင်း စမ်းသပ်ကွက် (၁၀)ဧကတို့ကို လှည့်လည်စစ် ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)