Skip to main content

မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အခြေစိုက် ပြည်ပသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းအများမှ အကြီးအကဲများအား ရှင်းလင်းပြောကြား

နေပြည်တော် ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့က ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ အခြေစိုက် ပြည်ပသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းအများမှ အကြီးအကဲများအား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ရှင်းလင်း ပြောကြားသည်။

ထိုသို့ ရှင်းလင်းပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မဲစာရင်း မမှန်ကန်မှုများနှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ ကြီးမှူးကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း ကွာခြားမှု များရှိခဲ့ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင်ထုတ်ပြန်သည့် မဲစာရင်းမှ မဲအရေအတွက် (၁၀ ဒသမ ၄) သန်းကျော်မှာ မဲမသမာမှုများ ဖြစ်နေ သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊  မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ (၄)ပုံ (၁)ပုံကျော်မှာ မဲမသမာမှုအနေဖြင့် တွေ့ရှိရပါကြောင်း၊ တပ်မတော်အနေဖြင့် အဆိုပါ ကိစ္စကို တရားဝင်အကြိမ်ကြိမ် ထောက်ပြခဲ့ပါကြောင်း၊ တပ်မတော်အနေဖြင့် စာရင်းဇယားများ တရားဝင်ထုတ်ပြန်ခြင်း အကြိမ်(၃၀)၊ သဘောထားထုတ်ပြန်ချက်များကို ရွေးကောက်ပွဲမတိုင်မီ (၂)ကြိမ်နှင့် ရွေးကောက်ပွဲ အပြီး (၄)ကြိမ် ထုတ်ပြန်ခဲ့ပါကြောင်း၊ မဲပေးသူများစာရင်းမှာ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ခံမှု မိသားစု အမည်စာရင်းအပေါ် အခြေခံသင့် ပါကြောင်း။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုများ မှန်ကန်စွာ ဖြေရှင်းရန်နှင့် တတိယအကြိမ် လွှတ်တော် အစည်းအဝေး ဆိုင်းငံ့ပေးရန် နိုင်ငံရေးပါတီပေါင်း (၂၀)က ကြေညာချက်(၂၆)စောင်ကို ထုတ်ပြန်တောင်းဆိုခဲ့ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အဆိုပါတောင်းဆိုချက်များကို ရှင်းလင်းပေးရန် ပျက်ကွက်ခဲ့ခြင်း ကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၀ ရက်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အတွင်း မြို့နယ် (၉၉) မြို့နယ်၌ ဆန္ဒထုတ်ဖော်မှု (၁၂၄) ကြိမ် ဖြစ်ပွားခဲ့ပါကြောင်း။

မိမိအနေဖြင့် ရွေးကောက်ပွဲ မဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ရန် တပ်မတော်က ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီး ထုတ်ပြန်ခဲ့သည့် ကြေညာချက်များမှ အဓိက အချက် အချို့ကို ကောက်နုတ်ပြောကြားလိုပါကြောင်း၊ ရွေးကောက်ပွဲမတိုင်မီနှင့် အပြီးကာလ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များနှင့် လုပ်ရပ်များသည် တည်ဆဲဥပဒေများနှင့် ညီညွတ်မှုမရှိဘဲ ချိုးဖောက်ရာ ကျပါကြောင်း၊ တပ်မတော်က တည်ဆဲ ဥပဒေများနှင့်အညီ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများကို  စိစစ်ပေးရန် တောင်းဆိုမှု အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အကြိမ်ကြိမ်ငြင်းဆန်ခဲ့ပါကြောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေး ပါတီများမှ လွှတ်တော်ကိုယ်စား လှယ်(၂၀၃)ဦးတို့က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော် အထူးအစည်း အဝေးခေါ်ယူရန် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် တရားဝင်တောင်းဆိုတင်ပြခဲ့ရာ ဇန်နဝါရီ ၁၂ ရက်တွင် တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ပါကြောင်း။

တပ်မတော်နှင့် အခြားသော နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်နိုင်ရန်နှင့် ယုံကြည်ရသည့် ရွေးကောက်ပွဲ ရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်ရန် ပြည်ထောင်စုလွှတ်တော် သို့မဟုတ် နိုင်ငံတော်အစိုးရ သို့မဟုတ် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်တို့အနေဖြင့် မဲမသမာမှုများကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း တောင်းဆိုမှုများကို ငြင်းဆန်ခဲ့ပါကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူပေးရန် နှစ်ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ပါကြောင်း။

တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ အထူးသဖြင့် အခန်း (၁)၊ ပုဒ်မ ၄၊ ပုဒ်မ ၆ နှင့် ၇ တို့အပါအဝင် တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ ၄ တွင် “နိုင်ငံတော်၏ အချုပ် အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး၊ နိုင်ငံတစ်ဝန်းလုံး၌ တည်သည်” ဟုလည်းကောင်း၊ ပုဒ်မ ၆ (ဃ)အရ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး” ဟု လည်းကောင်း၊ ပုဒ်မ ၆(စ) အရ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦး တည်သည်” ဟုလည်းကောင်း၊ ပုဒ်မ ၇ တို့အရ “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်” ဟုလည်းကောင်း ပြဋ္ဌာန်းထားပါ ကြောင်း။

ယခင်အစိုးရအနေဖြင့် မဲစာရင်းပြဿနာများကို  ဖြေရှင်းရန်နှင့် အနည်းဆုံး လွှတ်တော် ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းက လွှတ်တော် အစည်းအဝေးများ ကျင်းပရန် အကြိမ်ကြိမ် တောင်းဆိုမှုများကို ငြင်းပယ်ခြင်း၊ လွှတ်တော်အစည်းအဝေးများအား ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုများကို အရေးယူ ဆောင်ရွက်မှုမရှိခြင်းတို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက် ခြင်းဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်ပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ ၄၁၇ နှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် အမိန့်အမှတ်(၁/၂၀၂၁) ထုတ်ပြန်ပြီး နိုင်ငံတစ်ဝန်းကို တစ်နှစ်တာကာလ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ ၄၁၈ ပုဒ်မခွဲ (က) နှင့်အညီ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန်ပေးခဲ့ပါကြောင်း။

ဒီမိုကရေစီထွန်းကားသည့် နိုင်ငံကြီးများ၌ပင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ကိုင်တွယ်ဖြေရှင်း ကြသည့် သာဓကများရှိပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများကို ဖြေရှင်းရန် မသိကျိုးကျွန်ပြုမှုသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကျင့်စဉ် ဖော်ဆောင်မှုအပေါ် ဆိုးကျိုးသက်ရောက်မှုရှိလာမည်ဖြစ်ပြီး အစဉ်အလာတစ်ရပ် ဖြစ်စေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ တပ်မတော်က နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ရခြင်းဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို ပြန်လည်ကျင်းပကာ ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့်အညီ နိုင်ငံတော်၏ တာဝန်များကို အနိုင်ရပါတီသို့ လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာလျက် စည်းမျဉ်းအခြေခံသည့် ပါတီစုံဒီမိုကရေစီ ကျင့်စဉ်ကို ကျင့်သုံးကာ လွတ်လပ်၍ တရားမျှတမှု ရှိသည့် အထွေထွေရွေးကောက်ပွဲကို ကျင်းပပြီး နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို လွှဲပြောင်း သွားမည်ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် ထိုသို့ဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ဆောင်ရွက်ခြင်း မဟုတ်သည်ကို အလေးအနက်ထားပြောကြားလိုပါကြောင်း။

လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရေးအတွက် ဆက်လက်ကြိုးပမ်း အားထုတ်သွားမည် ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များမှအပ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ၂၈ ရက်အထိ ရပ်ဆိုင်းပေးသွားမည်ဟု ထုတ်ပြန်ကြေညာထားပါကြောင်း။

နိုင်ငံတော်အတွက် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးရန်ရည်ရွယ်ကာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးပြီးသော လက်နက်ကိုင် ဖွဲ့များ၊ လက်မှတ်ရေးထိုးရန်ကျန်ရှိသည့် ဆက်လက်ဆွေးနွေးဆဲဖြစ်သော တိုင်းရင်းသား လက်နက် ကိုင်ဖွဲ့များနှင့် က်လက် ဆွေးနွေးရန်အတွက် တပ်မတော် ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း။

မကြာမီက ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့်အဖွဲ့ဝင်(၇)ဦးပါ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ပြင်ဆင်ဖြည့်စွက် ဖွဲ့ည်းခဲ့ပါ ကြောင်း၊ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပခြင်းသည် လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးလာနိုင်ရေးကို ဦးတည်ဖော်ဆောင်ပေးနိုင်မည် ဟု မျှော်လင့်ပါကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါကိစ္စ ကိုင်တွယ်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အခြားသော နိုင်ငံများကဲ့သို့ ကျန်းမာရေးနှင့် လူမှု-စီးပွားရေး ဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်၊ စီးပွားရေး ပြန်လည်ဦးမော့လာစေရန်နှင့် ပြည်သူများ၏ အသက်မွေးဝမ်း ကျောင်းဆိုင်ရာ လူမှုစီးပွား ထိခိုက် နစ်နာမှုများ လျော့ပါးစေရန် အားသွန်ခွန်စိုက် ဆက်လက်ကြိုး ပမ်းဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အားကိုးအားထားပြုရသည့်အတွက် စိုက်ပျိုးရေး လုပ်ငန်းကို အလေးအနက်ထားကာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေး၊ စက်ရုံများ ပြန်လည်ဖွင့်လှစ်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ် ကာကွယ်ရေးအတွက် ကျန်းမာရေး ဆိုင်ရာ အကာအကွယ်ပစ္စည်းများ ဖြန့်ဝေပေးရေးတို့ကို အထူးအလေး ထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းခရီးသွားလာမှုနှင့် ဟိုတယ်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရေး၊ လိုအပ်ပါက ကိုဗစ်-၁၉ ထိန်းချုပ်မှုနည်းလမ်းများနှင့် အသိပညာပေး အစီအစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

အစိုးရအနေဖြင့် သံတမန်များနှင့် ကုလသမဂ္ဂဝန်ထမ်းများအပါဝင် မြန်မာနိုင်ငံအတွင်း လတ်တလော နေထိုင်လျက်ရှိသည့် နိုင်ငံခြားသားများ လုံခြုံမှုရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စတင်အကောင်အထည်ဖော်ပြီးဖြစ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်ကို အစိုးရအနေဖြင့် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ပါတယ်။ နှစ်နိုင်ငံချင်း စီးပွားရေးအရ သဘောတူညီမှုများနှင့် COVAX Facility အစီအစဉ်မှတစ်ဆင့် ကာကွယ်ဆေးရရှိရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ကယ်ဆယ်ရေးလေယာဉ်များကို ပြန်လည်ပြေးဆွဲလျက်ရှိပါကြောင်း၊ နိုင်ငံရပ်ခြား ကာလရှည်ကြာစွာ ပိတ်မိနေကြသည့် မြန်မာနိုင်ငံသား များကို ပြန်လည်ပို့ဆောင်နိုင်ရေး အတွက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းမှုကြိမ်ရေ တိုးမြှင့်ရေးအပြင် ရေယာဉ်များဖြင့်ပါ ပြန်လည် ခေါ်ယူရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်၍ အစိုးရအနေဖြင့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုသာ ဆက်လက် ကျင့်သုံးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံခြား ရေးမူဝါဒသည် ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး တည်ဆောက်ရန် ရည်ရွယ်ကာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကို ကျင့်သုံးသွားမည် ဖြစ်ပါကြောင်း၊ အပြန်အလှန်လေးစားမှုနှင့် နားလည်မှုအပေါ် အခြေခံ၍  ကမ္ဘာ့နိုင်ငံများနှင့် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ကုလသမဂ္ဂပဋိဉာဉ်စာချုပ်ပါ အပိုဒ်(၂) စာပိုဒ်(၇)အရ “ယခုလက်ရှိ ပဋိဉာဉ်စာချုပ်တွင် ပါဝင်သည့် အချက်များကြောင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့တွင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်း စီရင်ပိုင် ခွင့်အာဏာအတွင်း၌သာ သက်ရောက်သော ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် အခွင့်အာဏာ မရှိစေရ သို့မဟုတ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် အဆိုပါကိစ္စများကို ယခုလက်ရှိ စာချုပ်အရ ဆုံးဖြတ်ရန် တင်သွင်းရမည့် တာဝန်မရှိစေရ” ဟူသော အချက်ကို လိုက်နာရန် အရေးကြီးမှုကို အလေးအနက်ထားပြောကြားလိုပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၊ အာဆီယံ၊ ဘင်းမ်စတက်နှင့် မဲခေါင်ဒေသဆိုင်ရာ အဖွဲ့အစည်းများကဲ့သို့ ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင်လည်း တက်ကြွစွာ ဆက်လက် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာပြည်သူများထံ ပေးအပ်လျက်ရှိသည့် အကူအညီများ လွယ်ကူချောမွေ့စွာ ရရှိစေရေးအတွက်လည်း ဆောင်ရွက်သွားမည်ဟု ထပ်လောင်းအတည်ပြုပြောကြားလိုပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံတကာကတိကဝတ်များနှင့်အညီ လက်ရှိချုပ်ဆိုထားသော နှစ်နိုင်ငံချင်းသာမက နိုင်ငံတကာသဘောတူညီချက်များနှင့် စာချုပ်ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုများကို ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ တပ်မတော်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစကာ နိုင်ငံ့တာဝန်များကို  တာဝန်ယူ ထားပါကြောင်း။

တပ်မတော်၏ဆောင်ရွက်ချက်များသည် တည်ဆဲဥပဒေများ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ ဖြစ်ပါကြောင်း၊ တပ်မတော်က အကြိမ်ကြိမ်တောင်း ဆိုခဲ့သည့် မဲစာရင်း ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရန် ယခင်အစိုးရနှင့်  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့က ငြင်းဆန်ခဲ့ခြင်းသည် နိုင်ငံရေးအကျပ်အတည်းကို ဖြစ်ပေါ် စေခဲ့ပါကြောင်း၊ ထိုသို့သော အခြေအနေအရပ်ရပ်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ ၄၁၈ ကို ကျင့်သုံးခဲ့ရခြင်းဖြစ်ပါကြောင်း။

မဲမသမာမှုများကို လွတ်လပ်၍ ဘက်မလိုက်သော သမာသမတ်ရှိသည့် လူပုဂ္ဂိုလ်များဖြင့် တရားဝင် စစ်ဆေးသွားမည်ဖြစ်ပြီး လွတ်လပ်၍ တရားမျှတပြီး အများယုံကြည်လက်ခံနိုင် သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပ၍ အနိုင်ရ နိုင်ငံရေးပါတီထံ နိုင်ငံ့တာဝန်ကို လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ပြည်သူများ၏ မျှော်မှန်းချက် အတိုင်း နိုင်ငံ၏ပကတိအခြေအနေနှင့်ကိုက်ညီသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစနစ်ကို ခိုင်မာစွာထွန်းကားရန် ရည်ရွယ်ကာ တပ်မတော်အနေဖြင့် လိုအပ်သည့် ဆောင်ရွက်မှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတည် ဆောက်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်း၏ နားလည်ထောက်ခံမှုနှင့် အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများကို ရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်မှုအပိုင်းနှင့် စပ်လျဉ်း၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားသည်နှင့်အညီ မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး   ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ (၅)ရပ်ကို လက်ကိုင်ထားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ အမျိုးသားဦးစားပေးနှင့် လိုအပ်ချက်များနှင့်အညီ ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထပ်လောင်း အတည်ပြုလိုပါကြောင်း။

ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်း၏  တာဝန်သိအဖွဲ့ဝင်နိုင်ငံ  တစ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့၏ ပူးပေါင်း ဆောင်ရွက်မှု မူဝါဒသည် ပြောင်းလဲမှုမရှိကြောင်း၊   မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၊ အာဆီယံ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် အခြားဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာကို အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ တာဝန်များကို ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းတာဝန်ဝတ္တရားများ တွင် အလုပ်သမားအခွင့်အရေးဆိုင်ရာ စာချုပ်များ အပါအဝင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်များဆိုင်ရာစာချုပ်ဝင် နိုင်ငံ တစ်နိုင်ငံ၏ တာဝန်များကို ထမ်းဆောင်ခြင်းလည်းပါဝင်ကြောင်း၊ စာချုပ်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်သည့်အနေဖြင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၏ ကနဦး အစီရင်ခံစာ တင်သွင်းရေးကို ဆောင်ရွက် လျက်ရှိပြီး၊ ပြည်သူများ၏ အကျိုးအတွက် အတည်ပြုပါဝင်ပြီးသည့် စာချုပ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း။

မိမိတို့၏ လုပ်ငန်းတာဝန်များကို အကျိုးရှိရှိ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် မိတ်ဆွေနိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ၏ အပြုသဘောဆောင်သည့် ပံ့ပိုးကူညီများရရှိရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံသည် လက်ရှိတွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၏ (၂၀၁၉-၂၀၂၃) သက်တမ်း၏ အမှုဆောင်ဘုတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းအဖွဲ့နှင့် စီးပွားရေးနှင့် လူမှုရေးကောင်စီတို့နှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်သွားရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွင် မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ် စာတမ်းနှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ပါ ရည်ရွယ်ချက်နှင့် စည်းမျဉ်းများကို ဆက်လက် လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်မည့် ဘရူနိုင်းနိုင်ငံအား ချီးကျူးဂုဏ်ပြုပါကြောင်း၊ အာဆီယံဥက္ကဋ္ဌ၏ ဦးစားပေးကဏ္ဍများကို အကောင်အထည် ဖော်ရာတွင် မိမိတို့အနေဖြင့် ဘရူနိုင်းနိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

အာဆီယံ၏ ဗဟိုအချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို ဆက်လက်မြှင့်တင်ရန်၊ အာဆီယံ အသိုက်အဝန်းထူထောင်ရေးကြိုးပမ်းရာတွင် တိုးတက်မှုများ ပိုမိုရရှိစေရန်နှင့် အာဆီယံ၏ ပြင်ပမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန် စသည့်ရည်ရွယ်ချက်များနှင့် အညီ မိမိတို့အနေဖြင့် ယခုနှစ်အတွက် အာဆီယံ၏ လျာထားအစည်းအဝေးများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်သွားနိုင်ရန် မျှော်လင့်ကြောင်း၊ ယမန်နှစ်မှစ၍ မကြုံစဖူး ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်ပွားမှုကြောင့် မိမိတို့အားလုံး အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ ခဲ့ရကြောင်း၊ ဒေသတွင်း စိန်ခေါ်မှုများကို တုံ့ပြန်ရာတွင် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုပါကြောင်း၊ အာဆီယံ၏ ကိုဗစ်-၁၉ တုံ့ပြန်ရေးပဏာမ ခြေလှမ်းများနှင့် ပြန်လည် ထူထောင်ရေးကြိုးပမ်းမှုများ အောင်မြင်မှုရရှိစေရေးအတွက် အာဆီယံနှင့် ပြင်ပမိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ဒေသခွဲဆိုင်ရာပူးပေါင်းဆောင်ရွက်မှုယန္တရားများ မိမိတို့အနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၊ မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာနှင့် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုစသည့် ဒေသခွဲ ပူးပေါင်း ဆောင်ရွက်မှုယန္တရား(၁၃)ခုနှင့်လည်း တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လတ်တလော မြန်မာနိုင်ငံသည် (၂၀၂၀-၂၀၂၂) နှစ်တာကာလအတွက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး မဲခေါင်ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွား မည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံသည် ကမ္ဘာဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု၏ (၂၀၂၀-၂၀၂၂) နှစ်တာကာလအတွက်လည်း ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ပါ၍ ဒေသတွင်း ပြည်သူများ၏ လူမှု-စီးပွားမြှင့်တင်ဆောင်ရွက်ရာတွင် ထိရောက်မှုရှိစေရန် အာဆီယံကဲ့သို့သော အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော် ဒေသနှင့် တောင်အာရှနိုင်ငံများပါဝင်သော ဘင်းစတက်အဖွဲ့တွင်လည်းတက်ကြွစွာပါဝင်သော အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပါကြောင်း ပြောကြား သည်။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းအနေနှင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် စိုးရိမ်မှုများစွာ ရှိနေသည်ကို သိရှိကြောင်း၊ နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအပေါ် အပြုသဘောမဆောင်သည့် သက်ရောက်မှုများနှင့် တရားဝင်နည်းလမ်းများဖြင့် အရေးယူ ဆောင်ရွက်ရန် အရေးတကြီး လိုအပ်မှုတို့ကို သတိပြုမိ၍ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့် တည်ဆဲဥပဒေများနှင့်အညီ လိုအပ်သော အရေးယူဆောင်ရွက်မှုများကို ကာလအပိုင်းအခြား တစ်ခုအတွင်း ပြုလုပ်ခဲ့ရကြောင်း၊ အဆွေတော်တို့ အနေဖြင့် ဤအခြေအနေ အပြည့်အဝ နားလည်စေလိုကြောင်းနှင့် မြန်မာနိုင်ငံသားများ၏ ပိုမိုကောင်းမွန်သည့် အကျိုးစီးပွားအတွက် အဆွေတော်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်ကြောင်း။

အထူးသဖြင့် ယခုကဲ့သို့ ကမ္ဘာ့လုံးဆိုင်ရာ ကပ်ရောဂါကာလအတွင်း ပြည်သူများထံ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုင်ရာ အထောက်အပံ့များ ပေးအပ်ရေးအတွက် မိမိတို့၏ ကြိုးပမ်းမှုများတွင် မိတ်ဆွေများထံမှ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတွင်းရှိ အသိုက်အဝန်းအားလုံးထံ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရောက်ရှိနိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် Gavi တို့နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ဆက်လက် ဖြစ်ပေါ်မှုအပေါ် အဆွေတော်တို့၏ စိုးရိမ်ပူပန်မှုများကို  နားလည်ကြောင်း၊ ဤလုပ်ငန်းစဉ်၏ ဦးဆုံးဗိသုကာမှာ တပ်မတော်ဖြစ်သည်ကို သတိပြုစေလိုကြောင်း၊ စင်စစ်အားဖြင့်  ဗိသုကာပညာရှင်ဆိုသည်မှာ မိမိထုဆစ်ထားသည့်အရာကို မတတ်သာသည့် နောက်ဆုံး အခြေအနေမှသာ ဖျက်ဆီးရခြင်းဖြစ်ကြောင်း၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ သာယာဝပြောရေး၊ ပြည်သူများ၏ အကျိုးစီးပွားတို့သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်ချက်များပင်ဖြစ်သည်ကို အားလုံးအသိဖြစ်ကြောင်း။

နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့များ၏ မည်သည့်တုံ့ပြန်မှုမဆို အဆိုပါအချက်များ အထူးသဖြင့် ကမ္ဘာ့ကပ်ရောဂါ ဆိုက်ရောက်နေသည့် အခြေအနေတွင် ပြည်သူများ၏ အကျိုးစီးပွားနှင့် မည်သူမှ မထိခိုက်စေရေးမူဝါဒကို ထည့်သွင်းစဉ်းစားမည်ဟု မျှော်လင့်ပါကြောင်း ပြောကြား သည်။

(သတင်းစဉ်)