Skip to main content

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၄

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြေညီထပ်အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာကာ နိုင်ငံတော်၏အာဏာအရပ်ရပ်ကို တပ်မတော် က တာဝန်ယူပြီးနောက် လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ဌာန၏ ရည်မှန်းချက်တာဝန်များ အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးတွင်လည်း တည်ဆဲအမိန့်၊ ညွှန်ကြားချက်များ အတိုင်း ဆက်လက်လိုက်နာ ကျင့်သုံးဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ရဲရဲဝံ့ဝံ့တင်ပြ၍ ဆုံးဖြတ်ချက်များ မြန်မြန်ဆန်ဆန် ချမှတ်ဆောင်ရွက်ကြရန် လမ်းညွှန်ထားပါ ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ချမှတ်ထားသော မဟာဗျူဟာနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း မှာကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော ညွှန်ကြားရေးမှူးချုပ်များက မိမိတို့ဌာနရှိ လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြဆွေးနွေးကြ သည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်း အတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်