Skip to main content

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်‌တောရေးရာကဏ္ဍနှင့် သတ္တုရေးရာကဏ္ဍဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၄

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ကဏ္ဍနှင့် သတ္တုရေးရာကဏ္ဍဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Virtual Online စနစ်ဖြင့် ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်ဦးမင်းမင်ဦး ဌာန/လုပ်ငန်းဆိုင်ရာ အကြီးအကဲများ၊ ဒုတိယအမြဲတမ်း အတွင်းဆန်များ ဒုတိယညွှန်ကြားရေးမှူးချုပ်များ အထွေထွေ မန်နေဂျာများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ COVID-19 ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်ညီ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဌာန/ လုပ်ငန်း တာဝန်ခံများက Virtual Online စနစ် ဖြင့် တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာစကား ပြောကြရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာပြီး နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို တပ်မတော်က တာဝန်ယူပြီးသည့်နောက် လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ဦးစီးဌာန၊ လုပ်ငန်း၊ တက္ကသိုလ်တို့အလိုက် ရည်မှန်းချက်တာဝန်များကို လက်ရှိ နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ အောင်မြင်အောင် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကာလတို၊ ကာလလတ်၊ ကာလရှည် ကဏ္ဍအလိုက် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ဆောင်ရွက်မှုလုပ်ငန်းများ အရှိန်အဟုန် နှောင့်နှေး စေခဲ့ပါကြောင်း၊ ဒီအခြေအနေကြောင့်လည်း ပြည်သူများ ထိခိုက်ခံစားခဲ့ရပါကြောင်း၊ ထို့ကြောင့် COVID-19 ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုလို ဆောင်ရွက်ခြင်း သည် နိုင်ငံတော်နှင့် ပြည်သူပြည်သားများအပေါ် ထိခိုက်ခံစားနေရမှုမှ အမြန်ဆုံး ပြန်လည်တိုးတက်ကောင်းမွန်စေရန် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့အပြင် သစ်တောကဏ္ဍနှင့် ပတ်သက်၍ မြန်မာ့သစ်တောမူဝါဒနှင့် နှစ်(၃၀) အမျိုးသား သစ်တော ကဏ္ဍပင်မစီမံကိန်းနှင့်အညီ လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် ရန်၊ သစ်တောပြုစု ထိန်းသိမ်းရေး၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန်တို့အတွက် ကြိုးဝိုင်း ကြိုးပြင် ကာကွယ်တော များနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ တိုးချဲ့ဖွဲ့စည်းခြင်း၊ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ခရိုင်သစ်တောအုပ်ချုပ် လုပ်ကိုင်မှု (၁၁)နှစ် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ တောရိုင်း တိရစ္ဆာန်များအတွက် နေရင်းသေများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်တို့ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းလိုပါကြောင်း၊ ထို့အပြင် အပူပိုင်သေ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများဖြစ်သည့် စ.ထ.ထ.ရ လုပ်ငန်းစဉ် (၄) ရပ်ကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသတ်ဝန်းကျင် ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ ရသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာ ဗျူဟာနှင့် ပင်လုပ်ငန်း အစီအစဉ်၊ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ် တို့ကို ထုတ်ပြန်ထားရှိခဲ့ပြီး ဖြစ်သည့်အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကို နှစ်အလိုက် စီမံချက်ချမှတ်၍ မြို့နယ်အဆင့်ထိ ရုံးများ တိုးချဲ့ ဖွဲ့စည်းသွားရန်၊ အစိမ်းရောင် စီးပွားရေး မူဝါဒမူဘောင်ကိုလည်း ထုတ်ပြန်နိုင်ရေး အတွက် ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ လေရည်အသွေး၊ ရေအရည်အသွေး များကိုလည်း နေပြည်တော်၊ တိုင်းသကြီး၊ ပြည်နယ်များရှိ မြို့ကြီးများတွင် စစ်ဆေးထုတ်ပြန် ပေးရန် လိုအပ်ပါကြောင်း၊ ထို့အပြင် Sustainable Natural Resources Management Strategy ကိုလည်း ထုတ်ပြန်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ ကနဦးပတ်ဝန်းကျင်ဆန်းစစ်မှု အစီရင်ခံစာ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်များကိုလည်း မှန်ကန်တိကျ မြန်ဆန်စွာ စိစစ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ အမျိုးသားပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ကိုလည်း ပြန်လည်ဖွဲ့စည်း နိုင်ရေး ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

တိုက်တွန်း

သစ်ထုတ်လုပ်ရာတွင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိအောင် ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်း၊ နည်းစနစ်များနှင့်အညီဆောင်ရွက်ရန်နှင့် သတ်မှတ်ထားသည့် ထားဝင်ငွေရရှိရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်၍ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ဘွဲ့ရရှိသူများ ကလည်း နိုင်ငံတကာတက္ကသိုလ်ကြီးများတွင် မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့ရရှိခဲ့သူ များစွာ ရှိခဲ့ခြင်း ကြောင့် အရည်အသွေးမြင့်မားသည့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ မွေးထုတ်နိုင်ခဲ့သည့် အစဉ်အလာ ကောင်းကိုလည်း ဆက်လက် ထိန်းသိမ်းသွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။

သတ္တုကဏ္ဍနှင့် ပတ်သက်၍ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ Responsible Mining ဖြစ်အောင် ဆောင်ရွက်ရန်နှင့် ယင်းသို့ ဖြစ်စေရန်အတွက် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမှု၊ လူမှုရေးဆိုင်ရာ ထိခိုက်ပျက်စီးစေမှုများ မရှိစေရေး၊ စီမံခန့်ခွဲမှု ကောင်းမွန်ခြင်းတို့ကို အလေး ထားလိုက်နာ ဆောင်ရွက်စေရေး၊ ဈေးကွက်ရရှိရေး၊ လက်ရာ အဆင့်အတန်းမြင့် အချောထည် များ ထုတ်လုပ်တင်ပို့နိုင်ရေး၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း စည်းကမ်းများ လိုက်နာ စေရေး၊ Mining closure Plan ကို စနစ်တကျရေးဆွဲပြီး အမှန်တကယ်လိုက်နာ ဆောင်ရွက်စေရေး ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များ လိုက်နစေရေး COVID-19 ဆိုင်ရာ စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ကျောက်မျက်ရတနာပြပွဲများ စနစ်တကျ ဆောင်ရွက်နိုင် ရေး ကျောက်မျက်/ သတ္တုလုပ်ကွက်များအား သတ်မှတ်စည်းကမ်း လိုက်နာမှု ရှိ/ မရှိ စစ်ဆေး ကြပ်မတ်သည့်စနစ် ပီပြင်အားကောင်းအောင် ဆောင်ရွက်ရေးတို့ကို အလေးထား ဆောင်ရွက် ရန်ပြောကြားခဲ့သည်။

ဆက်လက်၍ ဌာန/လုပ်ငန်းဆိုင်ရာ အကြီးအကဲများကကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာန လုပ်ငန်းတက္ကသိုလ်တို့၏ လုပ်ငန်းစဉ်များကို အကောင်းဆုံး ကြိုးစားဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် သစ်တော သယံဇာတ ထိန်းသိမ်းကာကွယ်ရေး၊ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး တို့သည် ကမ္ဘာကြီးနှင့် လူသားအားလုံးအတွက် အထူးအရေးကြီးပါကြောင်း၊ မိမိအနေဖြင့်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ကဏ္ဍဆိုင်ရာ အမြဲတမ်းအတွင်းဝန် အဖြစ်မှ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့်အတွက် ယခုကဏ္ဍ၏ အရေးကြီးပုံကို သိရှိပါကြောင်း၊ ယခုကဏ္ဍမှာ တာဝန်ထမ်း ဆောင်နေသူများသည် သစ်တောများ ၏ တန်ဖိုးကို သိရှိပြီး ချစ်မြတ်နိုး သူများ၊ ပတ်ဝန်းကျင် ချစ်သူများဖြစ်သည်ကို ကိုယ်တွေ့သိရှိခဲ့ရသည့် အတွက် အောင်မြင်စွာ ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိအပိုင်းကလည်း ပြည်ထောင်စုဝန်ကြီး တစ်ဦးအနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ကဏ္ဍ၊ သတ္တုရေးရာကဏ္ဍတို့မှ ဌာနအကြီးအကဲများ အရာထမ်း/အမှုထမ်းများ အားလုံးတို့နှင့် စုပေါင်း၍ Team Workဖြင့် ယခု (၁) နှစ်တာအတွင်းမှာ အောင်မြင်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်စဉ်