နေပြည်တော် ဖေဖော်ဝါရီ ၄
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံသား (၄၀) အပါအဝင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၃၆) ဦးကို ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄) ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇) ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူ ဆောင်ရွက် ပေးခဲ့ကြသည်။
ဆက်လက်၍လည်း မလေးရှားနိုင်ငံရောက် အထောက်ထားမဲ့ မြန်မာနိုင်ငံသားများနှင့် အကြောင်းအမျိုးမျိုးကြောင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည့် မြန်မာနိုင်ငံသားများအား နိုင်ငံသားဖြစ်တည်မှုမှန်ကန်ကြောင်း အထောက်အထား များ စိစစ်လျက် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ဆောလျင်စွာ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ ကွာလာလမ်ပူ မြို့ မြန်မာသံရုံးအနေဖြင့် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် နီးကပ်စွာပူးပေါင်း ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ မလေးရှားနိုင်ငံမှ ယနေ့ထိ ကယ်ဆယ်ရေးလေယာဉ် (၄၇) ကြိမ် တိုင် ပျံသန်းပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)