Skip to main content

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော် ဇန်နဝါရီ ၃၁

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ကိုရီးယားသမ္မတ နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ဆိုးလ် မြို့ရှိ မြန်မာသံရုံးနှင့် Dragon Tun ကုမ္ပဏီတို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) စင်းလုံးငှား ကယ်ဆယ်ရေး လေယာဉ် ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။ အဆိုပါကယ်ဆယ်ရေး လေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ (၇၅)ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၃)ဦး၊ ဗီယက်နမ်မှ (၉)ဦး၊ စင်ကာပူမှ (၂)ဦး၊ နယူးဇီလန် (၂)ဦး၊ လိုက်ဘေးရီးယားမှ (၁)ဦး၊ အီဂျစ်မှ (၂)ဦး၊ စပိန်မှ (၉)ဦး၊ ဘရာဇီးလ် (၄)ဦး၊ ဂရိမှ (၈)ဦး၊ ပီရူးမှ (၂)ဦး၊ အင်ဒိုနီးရှားမှ (၃)ဦး၊ နယ်သာလန်မှ (၁)ဦးနှင့် အိုက်စလန်မှ (၁)ဦး၊ မြန်မာသင်္ဘောသား စုစုပေါင်း (၁၂၂)ဦး လိုက်ပါကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄)ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူ ဆောင်ရွက်ပေးသည်။ 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာ သင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ၊ သင်္ဘောကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ပေး လျက်ရှိသည်။

(သတင်းစဉ်)