ဝေါ ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦး-စစ်တောင်း မဟာဗျူဟာလမ်း ဖောက်လုပ်မှုစီမံကိန်း တွင် ပါဝင်သွားသည့် လယ်ယာမြေနှင့်သီးနှံများအတွက် လျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနားကိုယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်း ပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုအပေါ် များစွာမူတည်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်စည်စီးဆင်းမှုစသည်တို့ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊ နှစ်စဉ် လူဦးရေ၊ မော်တော် ယာဉ်၊ ဆိုင်ကယ်တို့နှင့် ကူးသန်းရောင်းဝယ်မှုများ ပိုမိုများပြားလာပြီး ကျေးလက်ဒေသ နှင့် မြို့ပြများ အပြန်အလှန် ချိတ်ဆက်၍ အမှီပြုကြရာ လမ်းများချဲ့ခြင်း၊ လမ်းသစ်ဖောက်လုပ်ခြင်းများကို နှစ်စဉ် ဘတ်ဂျက်များ လျာထား ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုမြင့်မားလာမည်ဖြစ်၍ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်အရ ဒိုက်ဦး-စစ်တောင်းလမ်းကို ဖောက်လုပ် ရခြင်းဖြစ်ပြီး၊ ယာဉ်ကြောရှုပ် ထွေးမှုကို လျှော့ချနိုင်ခြင်း၊ ဒိုက်ဦး စစ်တောင်း လမ်းရှိကျေးလက် ဒေသများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နိုင်ခြင်း၊ ကုန်စည်စီးဆင်းမှု မြန်ဆန် ခြင်းများစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်၍ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အလွန်အရေးပါ သည့် ဒိုက်ဦး-စစ်တောင်း လမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသည့် လယ်ယာ မြေများအတွက် နစ်နာကြေးပေးလျော်မှုအပေါ် နားလည်စေလိုပါ ကြောင်း အဖွင့်အမှာစကား ပြောကြား ခဲ့သည်။
ထို့နောက် ဒိုက်ဦး-စစ်တောင်းလမ်း ဖောက်လုပ်ရာတွင်ပါဝင်သွားသည့် ဝေါမြို့နယ်အတွင်းရှိ လေးအိမ်စု၊ မြစ်ကျိုး၊ ပုဂံ၊ ကွေ့ကြီး၊ အဗျားငှက်ချေး ဝင်း စသည့်ကျေးရွာများမှ တောင်သူ(၁၀၅)ဦး၏ လယ်ယာမြေ (၁၆၆.၇၈) ဧကအတွက် မြေယာလျော်ကြေးငွေကျပ် (၄၁၆၉၅၀၀၀၀)အား ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ တိုင်ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီထိုက်နှင့် ဦးမောင်ဒီ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်၊ တိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတိုးတိုး၊ အစိုးရအဖွဲ့ရုံးဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ တို့က အသီးသီး ပေးအပ်ခဲ့သည့်အပြင် မြို့နယ်ကိုဗစ်-ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီသို လိုအပ်သည့်နေရာတွင် အသုံးပြု နိုင်ရေး ထောက်ပံ့ငွေ(၅)သိန်းကျပ်နှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်း များ၊ဝေါမြို့နယ်အတွင်းရှိ ကျေးရွာများအတွက် အားကစားပစ္စည်းများအား ဝန်ကြီးချုပ်မှ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒိုက်ဦး-စစ်တောင်းမဟာဗျူဟာလမ်းသည် အရှည်(၂၁)မိုင်(၅)ဖာလုံရှိပြီး ဝေါမြို့နယ် ဆပ်သွားခြုံ ကျေးရွာမှ ဒိုက်ဦးမြို့နယ်သို့ ဆက်သွယ် ဖောက်လုပ်ထားသော လမ်းဖြစ်သည်။ အဆိုပါလမ်းဖောက်လုပ်ခဲ့စဉ်က ဝေါမြို့နယ်အတွင်းရှိ လေးအိမ်စု၊ မြစ်ကျိုး၊ ပုဂံ၊ ကွေ့ကြီး၊ အဗျားငှက်ချေးဝင်း စသည့်ကျေးရွာများမှ တောင်သူ (၁၀၅)ဦး၏ လယ်ယာမြေ (၁၆၆.၇၈)ဧကနှင့် ဒိုက်ဦးမြို့နယ်အတွင်းရှိ ပုကိုင်၊ ဖအောင်ဝဲ၊ နတ်ကင်း၊ အိမ်ခြေ လေးဆယ်၊ မင်္ဂလွန်ကျေးရွာတို့မှ တောင်သူ(၁၈၆)ဦး၏ လယ်မြေ (၂၃၀.၅၆)ဧက ပါဝင်သွားကြောင်းသိရသည်။
ယခုအခါတွင် အဆိုပါဒိုက်ဦး-စစ်တောင်း မဟာဗျူဟာလမ်းဖောက်လုပ်ပြီးစီးသွားပြီ ဖြစ်သောကြောင့် ယခင် စစ်တောင်းတံတား (မုပ္ပလင်) မှ ဒိုက်ဦးမြို့သို့ သွားမည်ဆိုပါက(၅၄)မိုင်(၅)ဖာလုံ သွားရမည့်ခရီးအား ယခုအခါ (၃၃)မိုင်လျော့ နည်းသွားပြီး ခရီးသွားပြည်သူများ ပိုမို မြန်ဆန် လွယ်ကူချောမွေ့စွာ သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)