ရန်ကုန် ဇန်နဝါရီ ၃၀
မြန်မာနိုင်ငံကင်းထောက်အကြီးအကဲ၏ လမ်းညွှန်မှုကို ခံယူကာ အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက် ကော်မတီနှင့် မြန်မာနိုင်ငံကင်းထောက် အဖွဲ့တို့ ပထမ အကြိမ် ပူးပေါင်းဖွင့်လှစ်သည့် မြန်မာကင်းထောက် ဆရာဖြစ်သင်တန်း (Advance Unit Leader Training) ကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် Virtual Conferencing စနစ်ဖြင့် ဖွင့်လှစ်သည်။
ရှေးဦးစွာ မြန်မာနိုင်ငံငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်နာယက ဒေါက်တာ တင်မျိုးဝင်းက အမှာစကားပြောကြား ရာတွင် မြန်မာ့ကင်းထောက်လှုပ်ရှားမှုများ နှစ်ပေါင်း(၅၀) ခန့် ရပ်ဆိုင်း ခဲ့ရသဖြင့် ကင်းထောက်ပညာရပ်များ သင်ပြပေးနိုင်သော နိုင်ငံတကာ အသိအမှတ်ပြုကင်းထောက်နည်းပြဆရာများ မရှိသေးသဖြင့် ကင်းထောက်ပညာရပ်များ ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးတကြီး လိုအပ်ချက်ကို ဖြည့်ဆည်းကြရန် မြန်မာနိုင်ငံကင်းထောက်အကြီးအကဲ၏ လမ်းညွှန်မှုအရ ကမ္ဘာ့ကင်းထောက်အဖွဲ့ အာရှပစိဖိတ်ဒေသ ဆိုင်ရာ ကင်းထောက်ကော်မတီ၏အစီအစဉ်ဖြင့် မြန်မာ နိုင်ငံတွင် ပထမဆုံးအကြိမ် ဖွင့်လှစ်နိုင်သည့် သင်တန်းဖြစ်၍ အထူးပင် ဂုဏ်ယူဝမ်းမြောက်ပြီး သင်ကြားပြသပေးကြသည့် နိုင်ငံအသီးသီးမှ ပညာရှင်များကိုလည်း အထူးပင်ကျေးဇူး တင်ရှိပါကြောင်း၊ ပထမအကြိမ်သင်တန်းများ တက်ရောက် ခွင့်ရကြသူများကလည်း နိုင်ငံ၏စေတနာ၊ သင်ပြသူများ၏ မေတ္တာကိုလေးစားကြပြီး မွန်မြတ်သော ကင်းထောက် စိတ်ဓာတ်ဖြင့် သင်ပြသမျှ ပညာရပ်များကို ပြည့်ပြည့်ဝဝ ရရှိရန် ကြိုးစားသင်ယူကြမည်လို့ ယုံကြည်ပါကြောင်း ပြောကြားပြီး ကမ္ဘာ့ကင်းထောက်အဖွဲ့ အာရှပစိဖိတ်ဒေသ ဆိုင်ရာ ကင်းထောက်ကော်မတီ ညွှန်ကြားရေးမှူး Mr. J. Rizal C. Pangilinam က အမှာစကားပြောကြား သည်။
သင်တန်းကာလမှာ ဇန်နဝါရီ ၃၀၊ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၆ ရက်အထိဖြစ်ပြီး အာရှပစိဖိတ်ကင်းထောက် ကော်မတီဝင် စင်ကာပူနိုင်ငံ ကင်းထောက်ချုပ် Mr. Antong နှင့် ဟောင်ကောင်ကင်းထောက်ချုပ် Mr. Wilson LAI Waisang တို့ဦးဆောင်ပြီး ဂျပန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက် ကင်းထောက်ချုပ်နှင့် ကင်းထောက်ပညာရှင်များ က စာတွေ့၊ လက်တွေ့ Online စနစ်ဖြင့် သင်ကြားပေးကြ မည်ဖြစ်သည်။
အဆိုပါ သင်တန်းသို့ မြန်မာနိုင်ငံကင်းထောက်အဖွဲ့မှ ကင်းထောက်ချုပ်၊ ဒုတိယကင်းထောက်ချုပ်၊ ကင်းထောက် မှူးချုပ်များ၊ နိုင်ငံတကာ ဆက်သွယ်ရေးမှူး၊ ကင်းထောက် ကြီးများ၊ လူငယ်ညှိနှိုင်းရေးမှူးများ၊ ကင်းထောက်ဆရာများ၊ Rover ကင်းထောက်လူငယ်များ ၃၀ က ပထမသုတ် အဖြစ် တက်ရောက်ကြမည်ဖြစ်ပြီး ဒုတိယသုတ်သင်တန်းကို မတ်လတွင် တက္ကသိုလ်အသီးသီးမှ Rover ကင်းထောက် ခေါင်းဆောင် ၃၀ တို့အတွက် ဆက်လက်ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့အလင်း