Skip to main content

ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တည်ဆောက်

(၂၀) ရာစု ပြည်ထောင်စုကို တည်ဆောက်ခဲ့ရာ၌ ညီညွတ်ရေးသည် အရေး အကြီးဆုံးဖြစ်သည်။ (၂၁) ရာစု ပြည်ထောင်စုကို တည်ဆောက်ရာ၌ ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးရေးသည် အရေးအပါဆုံးဖြစ်သည်။ (၂၀) ရာစုခေတ်က လွတ်လပ်ရေးအတွက် တိုင်းရင်းသားပြည်သူအားလုံး သွေးစည်းညီညွတ်ရေးကို အခိုင်အမာတည်ဆောက်နိုင်ခဲ့သည်။ (၂၁) ရာစုခေတ်တွင် ပြည်ထောင်စု အတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို တည်ဆောက်နေကြသည်။
လွတ်လပ်ရေးအတွက်ဖြစ်စေ၊ ငြိမ်းချမ်းရေးအတွက်ဖြစ်စေ၊ ဖွံ့ဖြိုးရေး အတွက်ဖြစ်စေ ညီညွတ်ရေးသည် ပြည်ထောင်စုကြီး ကောင်းရာကောင်းကျိုး အတွက်ဆိုလျှင် မည်သည့်အရေး ကိစ္စတွင်မဆို အရေးကြီးပေသည်။ ဤညီညွတ်ရေးသည် ပြည်ထောင်စုစိတ်ဓာတ်ပင် ဖြစ်သည်။ ပြည်ထောင်စု စိတ်ဓာတ်သည် ပြည်ထောင်စု၏ မည်သည့်နေရာ ဒေသတွင် နေထိုင်သည် ဖြစ်စေ တိုင်းရင်းသားပြည်သူအားလုံး တစ်စိတ်တစ်ဝမ်းတည်း၊ တန်းတူ ညီမျှ အေးအတူပူအမျှ အတူတကွနေထိုင်နိုင်ကြရမည်ဟူသည့် ခံယူချက် လည်း ဖြစ်သည်။
ဤပြည်ထောင်စုစိတ်ဓာတ်အဆိုသည် တရားမျှတလျော်ကန်သင့်မြတ် သည့် အားလုံးထာဝရလိုက်နာကျင့်သုံးအပ်သော သဘောတရား ဖြစ်သည်။ ဤပြည်ထောင်စုစိတ်ဓာတ် အမှန်တကယ်ထွန်းကားပါလျှင် တိုင်းပြည်လည်း ငြိမ်းချမ်းသာယာဝပြောမည်မှာ သေချာပါသည်။ ပြည်ထောင်စုနိုင်ငံတွင် ပြည်ထောင်စုစိတ်ဓာတ်သည် အဓိကအကျဆုံး အနှစ်သာရဖြစ်ပါသည်။ ဤစိတ်ဓာတ်သာ ထားရှိနိုင်မည်ဆိုပါက ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးတို့သည် ကျွဲကူးလျှင်ရေပါသလိုအတူလိုက်ပါဖြစ်ထွန်းမည်ဖြစ်သည်။
(၂၀) ရာစုခေတ်က ဤပြည်ထောင်စုစိတ်ဓာတ် ထားရှိသောကြောင့် လွတ်လပ်ရေးအောင်ပန်းကို လက်ဝယ်ပိုင်ပိုင် ရရှိခဲ့သည်မဟုတ်ပါလော။ တိုင်းရင်းသားအားလုံးတို့သည် ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြပြီး ယုံကြည်မှုအပြည့်အဝတည်ဆောက်ကြသဖြင့် လွတ်လပ်သောနိုင်ငံတော်ကြီး ပေါ်ပေါက်ခဲ့သည်မဟုတ်ပါလော။ လွတ်လပ်သော နိုင်ငံတော်ကြီး ပေါ်ပေါက် ပြီးနောက် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သည်မှာ ပြည်ထောင်စုစိတ်ဓာတ်ကို မတည်ဆောက်နိုင်ခြင်းကြောင့်ဟု ဆိုရမည်လော။ ယင်းတို့သည် ပြည်ထောင်စုကြီး အနာဂတ်အတွက် ထုတ်ဖော်လိုသည့်မေးခွန်းများ ဖြစ်သည်။
ဆိုခဲ့သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ထားရှိကြမည်ဆိုပါက ပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင်နေထိုင်သည်ဖြစ်စေ ငြိမ်းချမ်း သာယာဖွံ့ဖြိုးခြင်းတို့ကို အားလုံးအတူတကွ တန်းတူညီမျှရရှိခံစားနိုင်ကြရေး ကို နိုင်ငံတော်အနေဖြင့် ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။ တိုင်းရင်းသားများ ကလည်း ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြပြီး နိုင်ငံတော်ကလည်း တန်းတူ ညီမျှဖွံ့ဖြိုးရေးကို ဆောင်ကြဉ်းပေးနိုင်ပါလျှင် ပြည်ထောင်စု၏ မည်သည့် နေရာဒေသတွင်မဆို အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်နေမည် ဖြစ်သည်။ တိုင်းရင်းသားပြည် သူအားလုံး လုံခြုံစိတ်ချအာမခံမှုအပြည့်ရှိသည့် လူမှု စီးပွားဘဝများကို ရရှိပိုင်ဆိုင်ကြပြီး စိတ်ချမ်းသာလန်းဖြာကြကာ အေးချမ်း သာယာဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာမည်ဖြစ်သည်။

ယနေ့ကာလတွင် နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးကို အခိုင်အမာ တည်ဆောက်နိုင်ရန် ပုံဖော်လမ်းခင်းပေးလျက်ရှိသည်။ ဖွံ့ဖြိုးတိုးတက်မှု များကို အကြားအလပ်မရှိအောင် ရှာဖွေဖော်ထုတ် အကောင်အထည် ပေါ်အောင် ကြိုးစားအားထုတ်လျက်ရှိသည်။ တိုင်းရင်းသားများအားလုံး ပြည်ထောင်စုစိတ်ဓာတ် ထားရှိနိုင်ရေးသည် အရေးကြီးသည်။ ယုံကြည် မှုဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်ကြရမည်ဖြစ်သည်။ သူ့မယုံ၊ ကိုယ့်မယုံ ယုံကြည်မှုကို မတည်ဆောက်နိုင်လျှင် ပြည်ထောင်စုတစ်ဝန်းလုံး ငြိမ်းချမ်းရေး၊ တန်းတူညီမျှ ဖွံ့ဖြိုးရေး၊ တန်းတူညီမျှခံစားရေးတို့ အလှမ်းဝေး အနေဦးမည်။
ဤပြည်ထောင်စုစိတ်ဓာတ်ခိုင်မာအားကောင်းမှုကြောင့် တိုင်းရင်းသား လူမျိုးတို့အား နယ်ချဲ့တို့က အမျိုးမျိုးအဖုံဖုံသွေးခွဲသော်လည်း သွေးမကွဲဘဲ စည်းလုံးညီညွတ်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် “တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ စည်းလုံးညီညွတ်ရေးကို အထင်အရှား ပြသသည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ဤအောင်မြင်မှုသည် ပြည်ထောင်စုစိတ်ဓာတ်ကို အခိုင်အမာတည်ဆောက်နိုင်သောကြောင့် ရရှိလာခြင်းဖြစ်သည်။
သို့ဖြစ်ရာ လွတ်လပ်ရေး ရယူရေး၊ လွတ်လပ်ရေး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ ဖွံ့ဖြိုးရေး ဆောင်ရွက်ရေး စသည့်တိုင်းပြည်အတွက် အရေးကြီးကိစ္စအဝဝတို့ကို ဆောင်ရွက်ရာတွင် ပြည်ထောင်စုစိတ်ဓာတ်သည် အရေးအပါဆုံး ဖြစ်သည်။ မည်သည့်နေရာ၊ မည်သည့်အချိန်ကာလတွင်မဆို ပြည်ထောင်စု စိတ်ဓာတ်သည် ပြည်ထောင်စု သားအားလုံး ဘဝရှင်သန်မှု၊ ဘဝပျော်ရွှင်ချမ်းမြေ့မှုခွန်အားဖြစ်စေသည်။ ပြည်ထောင်စုစိတ်ဓာတ် အားလုံးထားရှိနိုင်မှသာ အားလုံးမျှဝေ ခံစား နိုင်မည့် ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှုကို ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ရှုမြင်ကြရမည်ဖြစ်သည်။

ကြေးမုံ(အယ်ဒီတာ့အာဘော်)