ရန်ကုန် ဇန်နဝါရီ ၂၉
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင် အထောက်အကူ ပြုရန်အတွက် မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေမှတစ်ဆင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ဓာတ်ခွဲစက်ပစ္စည်းများနှင့် ဆက်စပ်ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာနရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ကျေးဇူးတင်စကားပြောကြားပြီး ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်(WFP)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson နှင့် မြန်မာနိုင်ငံ လူသားချင်းစာနာမှု ဆိုင်ရာ ရန်ပုံငွေ(MHF)၏ မန်နေဂျာ Mr. Narciso Rosa-Berlanga တို့က လှူဒါန်းရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကြ သည်။
ထို့နောက် WFP မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ကိုဗစ်-၁၉ ရောဂါရှာဖွေရေးတွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၂၆၀၀၀၀ တန်ဖိုးရှိ Cobas Liat ဓာတ်ခွဲစက်ပစ္စည်း ၄ လုံး နှင့် ဆက်စပ်ဓာတ်ခွဲ ခန်းသုံးပစ္စည်း ၄၀၀၀ ကို လွှဲပြောင်းပေးအပ်ရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
လှူဒါန်းမှုနှင့်ပတ်သက်၍ WFP မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephen Anderson က “ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့ ရခိုင်ပြည်နယ်က လိုအပ်တဲ့နေရာ တွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီးလှူဒါန်းတာပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ရခိုင်ပြည်နယ် မှာ ကိုဗစ်-၁၉ ရောဂါတုံ့ပြန်မှုစီမံချက်တွေ၊ လုပ်ငန်းတွေကိုပိုမိုပြီး အားပေးနိုင်လိမ့်မယ်။ တစ်ချိန်တည်း မှာပဲ ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာထောက်ထားမှုအတွက် အကူအညီပေးနေတဲ့ ဝန်ထမ်းတွေကို ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးဖို့ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ယုံကြည် ပါတယ်။ လက်ရှိကာလမှာ မြန်မာနိုင်ငံအနေနဲ့ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေ မြင့်တက် လာသလို ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေတာ တွေ့ရှိရတဲ့ အတွက် အများကြီး ဂုဏ်ယူဝမ်းမြောက် မိပါတယ် ”ဟုပြောသည်။
အဆိုပါ ဓာတ်ခွဲစက်ပစ္စည်းများအား ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ကျန်းမာရေး စောင့်ရှောက်မှု ကုမ္ပဏီ Roche ထံမှ တိုက်ရိုက်ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းစက်များကို Cobas Liat System ဖြင့် အသုံးပြု ထားပြီး multiplex real-time polymerase ကွင်းဆက်တုံ့ပြန်မှု စမ်းသပ်မှုဖြစ်သည့် PCR စစ်ဆေးမှုဖြင့် ရောဂါပိုး ရှိ၊ မရှိကို မိနစ် ၂၀ အတွင်း စစ်ဆေးသိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး