နေပြည်တော် ဇန်နဝါရီ ၂၉
မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယလေးနှစ်သက်တမ်း၏ ပထမအကြိမ် ဗဟိုကောင်စီအစည်း အဝေး (၁/၂၀၂၁) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံဆေးကောင်စီ နာယက၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ ဆေးကောင်စီသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍ အဆင့်အတန်း မြင့်မားစေရေးနှင့် ဆေးပညာရှင်များ၏ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေး မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးပညာ ကဏ္ဍနှင့် ဆရာဝန်ထု တစ်ခုလုံးအတွက် အရေးကြီးသော အဖွဲ့ကြီးဖြစ် ပါကြောင်း။
မြန်မာနိုင်ငံဆေးကောင်စီဥပဒေကို (၂၀၁၅) ခုနှစ်တွင် အသစ်ပြဋ္ဌာန်းခဲ့ပြီး လွန်ခဲ့သော(၄) နှစ်တာသက်တမ်း၌ ဆောင်ရွက်ခဲ့သော လုပ်ငန်းအရပ်ရပ်ကြောင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ တိုးတက်မှုများ ရှိလာသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံ ဆေးကောင်စီဝင်ဟောင်းများကို မှတ်တမ်းတင်ဂုဏ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေကို (၂၀၂၀) ပြည့်နှစ် တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး နာယက (၃) ဦး၏ ကြီးကြပ်မှုဖြင့် အဖွဲ့ဝင် (၆၅) ဦး၊ အလုပ်အမှု ဆောင်အဖွဲ့ဝင် (၂၀) ဦးတို့ဖြင့် ယခုဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့် လာမည့် (၄) နှစ်တာသက်တမ်းတွင် ဆရာဝန်များ၏ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေး၊ အဆင့်အတန်း ကို ထိန်းသိမ်းမြှင့်တင်ရန် စံချိန်စံညွှန်များ သတ်မှတ်ခြင်းနှင့် ဆန်းစစ်ခြင်း၊ နိုင်ငံပိုင်ဆေးရုံများနှင့် ပုဂ္ဂလိက ဆေးရုံများ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း ထိန်းသိမ်း မြှင့်တင်ရန်အတွက် စံချိန် စံညွှန်းများ သတ်မှတ်ထုတ်ပြန်ခြင်းနှင့် ဆန်းစစ်ခြင်း၊ ဆေးပညာသင်ကြားမှု အဆင့်အတန်းမြင့်မား စေရေးနှင့် အရည်အသွေးပြည့်ဝသော ဆေးပညာရှင်များပိုမို ပေါ်ပေါက်စေရေးအတွက် ပြောင်းလဲလာ သော ဆေးပညာသင်ကြားရေးစနစ်များကို လေ့လာသုံးသပ်ပြီး ဆေးတက္ကသိုလ်များနှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခြင်းနှင့် အကြံပြုခြင်း၊ ဆေးပညာစဉ်ဆက်မပြတ် သင်ကြားရေးကိစ္စရပ်များအတွက် ဝန်ကြီး ဌာန၊ ဆေးတက္ကသိုလ်များ၊ မြန်မာနိုင်ငံ ဆေးပညာရှင်အသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် ဆေး ပညာ ဘာသာရပ်ဆိုင်ရာ အဖွဲ့များနှင့်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ခြင်း၊ ဆရာဝန်များလိုက်နာစောင့် ထိန်းရမည့် ကျင့်ဝတ်သိက္ခာများအား လိုက်နာရန်ကြီးကြပ်ခြင်း စသည့်လုပ်ငန်းများကို ဦးစားပေး၍ ပိုမိုဆောင်ရွက်စေလိုပါကြောင်း။
အဆိုပါလုပ်ငန်းကိစ္စရပ်များကို ဆောင်ရွက်ရန် သက်ဆိုင်ရာကော်မတီ (၁၀) ခု၏ အဖွဲ့ဝင်များကို ရွေးချယ်ဖွဲ့စည်းရာတွင် ဆေးတက္ကသိုလ် (၅) ခု အပါအဝင် ဝန်ကြီးဌာနရှိ တက္ကသိုလ် (၁၆) ခုနှင့် ဝန်ကြီးဌာနရှိ ဦးစီးဌာန (၇) ခုတို့မှ ပညာရှင်များ ပါဝင်စေရန် သေချာစွာစိစစ်ရွေးချယ် ဖွဲ့စည်းစေလိုပါ ကြောင်း၊ ထိုသို့ စိစစ်ရွေးချယ်ရာတွင် လုပ်ငန်းအမှန်တကယ် စိတ်ပါဝင်စားမှုရှိပြီး ရှေ့သို့မျှော်မှန်း တွေးဆနိုင်စွမ်းရှိသူ၊ ကျိုးကြောင်းဆီလျှော်စွာ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသူ၊ လက်တွေ့မြေပြင် အခြေ အနေများကို သိရှိသူ၊ ဆန်းသစ်သော အတွေးအမြင်များဖြင့် ဆောင်ရွက်နိုင်သူ၊ အခြေအနေ အရပ်ရပ်ကို သိမြင်တွက်ဆ နိုင်စွမ်းရှိ သူနှင့် ပရဟိတစိတ်ရှိသူများကို ရွေးချယ်စေလိုပါကြောင်း။
မြန်မာနိုင်ငံဆေးကောင်စီကို အတွေ့အကြုံအလွန်မြင့်မားသည့် ပညာရှင်ကြီးများဖြင့် ဖွဲ့စည်း ထားသည်ဖြစ်၍ ဆေးလောကကို ယခုထက်ပိုမိုတိုးတက် ပြောင်မြောက်စေရေးနှင့် ဆေးပညာရှင်များ ကျင့်ဝတ်များကို ပိုမိုသိရှိလိုက်နာစေရေးတို့ကို ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဆရာဝန် ကျင့်ဝတ် များကို အမြဲတမ်း နှလုံးသွင်းလိုက်နာစေရန်အတွက် ဝန်ကြီးဌာနအနေဖြင့် နည်းမျိုးစုံဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံဆေးကောင်စီ၊ အဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံဆေးကောင်စီဥပဒေကို အပြန်ပြန် အလှန်လှန် ကျေညက်စွာဖတ်ရှုခြင်းနှင့် ဆွေးနွေးခြင်းတို့ဖြင့် မိမိတို့၏ အခန်းကဏ္ဍနှင့် လုပ်ဆောင်ရ မည့် လုပ်ငန်းများကို ပိုမိုသိရှိကာ ကောင်စီ၏လုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဟု မိမိယုံကြည် ပါကြောင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၏ လုပ်ငန်းများသည် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် ဆောင်ရွက်နေသည့် ပုံစံများအတိုင်းဆောင်ရွက်၍ မရနိုင်ဘဲ မြန်မာနိုင်ငံ၏ အရင်းအမြစ်များ အခြေအနေ၊ မြန်မာနိုင်ငံဆေးပညာ လောကတွင် ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်တို့နှင့် ကိုက်ညီမှုရှိစေရန်ကိုလည်း သတိပြုရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၏ ဆေးကုသခွင့် လိုင်စင်အမျိုးအစားအလိုက် လိုင်စင်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် အခြားလုပ်ငန်းများအားလုံးကို ခေတ်မီအီလက်ထရောနစ်စနစ်၊ အင်တာနက်ကွန်ရက်တို့ကို အသုံးပြုကာ ဆောင်ရွက်စေလိုပါကြောင်း။
သက်ဆိုင်ရာ ဆေးပညာဘာသာ ရပ်အလိုက် ပညာရှင်များပါဝင်ဖွဲ့စည်း ထားသော ဘုတ်အဖွဲ့များမှ ဆေးပညာဘာသာရပ်အလိုက် အသိအမှတ်ပြု (board certified) အထူးကုဆရာဝန်များ အဖြစ် သတ်မှတ်နိုင်ရေးကိုလည်း အမြန်ဆုံး ဝိုင်းဝန်းဆွေးနွေးပြီး ဆောင်ရွက်စေလိုပါကြောင်း၊ မြန်မာနိုင်ငံ ဆေးကောင်စီ သည် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုအရည်အသွေးမြင့်မား စေရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပြီး ဆေးပညာရှင် များ အရည်အသွေးပြည့်ဝမှုနှင့် ကျင့်ဝတ် လိုက်နာဆောင်ရွက်မှုတို့ကို ထိန်းသိမ်းမြှင့်တင်နေခြင်းဖြစ်သဖြင့် နိုင်ငံတော်၊ ပြည်သူများနှင့် ဝန်ကြီး ဌာနတို့အတွက် အကျိုးရှိပြီး အရေးကြီးသည့် အဖွဲ့ကြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးနှင့် အဆင့်အတန်းကို ထိန်းသိမ်းမြှင့်တင်ခြင်းမှ တစ်ဆင့် ဆေးပညာလောကကြီး တစ်ခုလုံး ယခုထက်ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက်စည်းလုံး ညီညွတ်စွာဖြင့် ဆက်လက် ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆေးကောင်စီ နာယကအဖွဲ့ဝင် ပါမောက္ခ ဒေါက်တာအက်စ်ကျော်လှက မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယ လေးနှစ်သက်တမ်းအတွက် ကောင်စီအဖွဲ့ ဝင်များနှင့် အလုပ်အမှု ဆောင်အဖွဲ့ဝင်များ ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး နာယကအဖွဲ့ဝင် ပါမောက္ခ ဒေါက်တာ မောင်မောင်ဝင့်က မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယ လေးနှစ်သက်တမ်းအတွက် ရွေးချယ် ခြင်း ခံရသော အလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ အမည်စာရင်းကို ဖတ်ကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယလေးနှစ်သက်တမ်းအတွက် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့် အပ်ခြင်းခံရသူ ပါမောက္ခ ဒေါက်တာခင်မောင်အေးက နှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံ ဆေးကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အကျဉ်းချုပ် ရှင်းလင်းတင်ပြရာ မြန်မာနိုင်ငံဆေးကောင်စီက ဆောင်ရွက်နေသော အဓိကလုပ်ငန်းများတွင် ဆရာဝန် များအတွက် အထွေထွေရောဂါကုလိုင်စင်နှင့် အထူးကုလိုင်စင်များ ထုတ်ပေးခြင်း၊ ပြည်ပမှ ဆေးပညာ ဘွဲ့ရရှိသူ များကို ဆေးကုသခွင့်လိုင်စင် ထုတ်ပေးနိုင်ရန်အတွက် Myanmar Medical Licensing Examination ကို တစ်နှစ် (၂)ကြိမ် အနည်းဆုံးကျင်းပပြုလုပ်ပေးခြင်း၊ ကျင့်ဝတ်နှင့်ပတ်သက်သော တိုင်ကြားစာများ လက်ခံရရှိပါက (သို့မဟုတ်) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက လွှဲပြောင်း ပေးပို့သော ကျင့်ဝတ်သိက္ခာဆိုင်ရာ ပြဿနာကိစ္စရပ်များကို မှန်/ မမှန် စုံစမ်းစစ်ဆေးရခြင်းနှင့် လိုအပ်သလို အရေးယူ ဆောင်ရွက် ဖြေရှင်းပေးရခြင်းတို့အပြင် ဆေးပညာသင်ကြားရေးနှင့် ကုသရေး လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီ စေရေးအတွက် တရားဝင် အသိအမှတ်ပြုရေးကော်မတီ (Accreditation Committee) ဖွဲ့စည်း ဆောင် ရွက်နေပါကြောင်း။
မြန်မာနိုင်ငံဆေးကောင်စီသည် ဆေးပညာလောကနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ညီနောင်အသင်းများဖြစ်သည့် မြန်မာနိုင်ငံဆေး ပညာရှင်အဖွဲ့နှင့် မြန်မာနိုင်ငံ ဆရာဝန် အသင်းတို့နှင့် အဓိကပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့် လာမည့်ကာလ များတွင် အခြားနိုင်ငံများနည်းတူ ဆေးကုသခွင့်လိုင်စင် ထုတ်မပေးမီတွင် စဉ်ဆက် မပြတ် ဆေးပညာသင်ကြားရေး အစီအစဉ်များ (Continuing Medical Education) ကို တက်ရောက် သင်ကြားပြီးစီးမှု အဆင့်အမှတ် (credit) များဖြင့် ဆန်းစစ်ပြီး ထုတ်ပေးသည့်စနစ်ကို ကျင့်သုံးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော မြန်မာနိုင်ငံဆေးကောင်စီအဖွဲ့ဝင်များက အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မိမိအနေဖြင့် မြန်မာနိုင်ငံဆေးကောင်စီကို အထူးအားကိုး ယုံကြည်လေးစားသကဲ့သို့ အလုပ်အမှုဆောင်များနှင့် ဆေးကောင်စီ အဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံ ဆေးလောကတစ်ခုလုံးကို တိုးတက်အောင် ဆောင်ရွက်နေခြင်းဟူသော အသိစိတ်ဓာတ်ကိန်းဝပ်ကာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပါက နောက်ဆုံး အကျိုးကျေးဇူးရှိမည့်သူများမှာ ပြည်သူများဖြစ်ပြီး ပြည်သူများအားလုံးသည် အရည် အသွေးပြည့် ကျန်းမာရေးဝန်ဆောင်မှုများကို ရရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။
(သတင်းစဉ်)