Skip to main content

ကိုဗစ်-၁၉ ရောဂါရှာဖွေရေးတွင် အသုံးပြုရန်အတွက်ဆွစ်ဇာလန်နိုင်ငံက Cobas Liat ဓါတ်ခွဲစက်ပစ္စည်း (၆)လုံး နှင့် ဆက်စပ်ဓါတ်ခွဲသုံးပစ္စည်း (၈၀၂၀) ပေးအပ်လှူဒါန်း

ရန်ကုန် ဇန်နဝါရီ ၂၉

ကိုဗစ်-၁၉ ရောဂါရှာဖွေရေးတွင် အသုံးပြုရန်အတွက် ဆွစ်ဇာလန်နိုင်ငံ Swiss Agency For Development and Cooperation(SDC) က ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသို့ Cobas Liat ဓာတ်ခွဲစက်ပစ္စည်း (၆)လုံးနှင့် ဆက်စပ်ဓါတ်ခွဲခန်းသုံး ပစ္စည်း(၈၀၂၀) ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဇီဝကလမ်း အမှတ် (၅)ရှိ ဆေးသုတေသနဦးစီးဌာနရုံးချုပ် အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက အမှာစကား ပြောကြားပြီး အမျိုးသားကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲဌာန(ရန်ကုန်) ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဌေးဌေးတင်က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံရုံး၊ Swiss Cooperation office Myanmar မှ Deputy Head of Cooperation Mrs. Rea Bonzi ၊ Roche Diagnostics Myanmar မှ General Manager Ms. Christina Yong နှင့်  UNICEF  Myanmar  မှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Ms. June Kunugi တို့က လှူဒါန်းရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

ထို့နောက် Deputy Head of Cooperation Mrs. Rea Bonzi  နှင့် General Manager Ms. Christina Yong တို့က ကိုဗစ်-၁၉ ရောဂါရှာဖွေရေးတွင် အသုံးပြုရန် Cobas Liat ဓါတ်ခွဲစက်ပစ္စည်း ၆ လုံးနှင့် ဆက်စပ်ဓါတ်ခွဲ ခန်းသုံးပစ္စည်း (၈၀၂၀)ကို ပေးအပ် လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဆွစ်ဇာလန်နိုင်ငံ Swiss Agency for Development and Cooperation (SDC)က  လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေးသုံး Cobas Liat ဓာတ်ခွဲစက်ပစ္စည်း (၆)လုံးနှင့် ဆက်စပ်ဓါတ်ခွဲခန်းသုံးပစ္စည်း(၈၀၂၀)၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၄၅၄၃၄ တန်ဖိုး ရှိကြောင်း၊ ရခိုင်ပြည်နယ် မောင်တောမြို့၊ စစ်တွေမြို့၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ကရင်ပြည်နယ် မြဝတီမြို့တို့ရှိ ဓါတ်ခွဲဌာန များသို့ ဓါတ်ခွဲစက်ပစ္စည်း တစ်ခုစီနှင့် ဆက်စပ်ဓါတ်ခွဲခန်းသုံး ပစ္စည်းများကိုလည်းကောင်း၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာနသို့ ဓါတ်ခွဲစက်ပစ္စည်း တစ်ခုနှင့် ဆက်စပ်ဓါတ်ခွဲခန်းသုံး ပစ္စည်းများကိုလည်းကောင်း ပေးအပ်လှူဒါန်းခြင်းဖြစ် ကြောင်း သိရှိရသည်။

သတင်း - ကိုကိုဇော်

ဓာတ်ပုံ - ဇော်မင်းလတ်