နေပြည်တော် ဇန်နဝါရီ ၂၉
ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Education and TVET Sector Coordination Group-ETVSCG) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ကို ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ကူညီပံ့ပိုးမှုဖြင့် ပညာရေးဝန်ကြီးဌာနက သတ်မှတ် ကာလအတွင်း ရေးသားပြုစုလျက်ရှိပါကြောင်း၊ NESP 2 နောက်ဆုံးမူကြမ်းအပေါ် ဖွံ့ဖြိုးမှုမိတ်ဖက် များ၏ အကြံဉာဏ်များ၊ သုံးသပ်ချက်များကို ရရှိရန်အတွက် လွန်ခဲ့သည့်ရက်သတ္တပတ်က ပေးပို့ထား ပါကြောင်း၊ အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀) ညှိနှိုင်းဆွေးနွေးပွဲများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၂ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်အထိ ပညာရေးကဏ္ဍဆိုင်ရာ Stakeholder ၁၄၂၈၂ ဦးနှင့် ဆွေးနွေးညှိနှိုင်းပွဲ ၂၆ ကြိမ်ကို ရက်ပေါင်း ၃၀ ကြာ အောင်မြင်စွာ ကျင်းပခဲ့ပါကြောင်း၊ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲများတွင် NESP 2 နှင့် ပတ်သက်၍ ဆွေးနွေးသူ ၂၆၉ ဦးနှင့် အထွေထွေဆွေးနွေးသူ ၄၆၂ ဦး စုစုပေါင်း ၇၃၁ ဦးတို့က ဆွေးနွေးခဲ့ကြပါကြောင်း၊ အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာဖြင့် ပြုစုထားသည့် NESP 2 အကျဉ်းချုပ်စာအုပ်ကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြရန် စီစဉ်ထားပါကြောင်း၊ နောက်ဆက်တွဲအနေဖြင့် အခြေခံ ပညာကဏ္ဍ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍနှင့် စီမံခန့်ခွဲမှု၊ စွမ်းဆောင်ရည် မြှင့်တင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အရည်အသွေးအာမခံမှုကဏ္ဍ ၄ ရပ်အတွက် Component Summaries၊ လုပ်ငန်းများနှင့် ရည်မှန်းချက်ပန်းတိုင်များကို ထည့်သွင်း ရေးဆွဲမည်ဖြစ်ပါကြောင်း၊ NESP ပထမနှစ်အတွက် ဌာနအလိုက်ဘတ်ဂျက်ကို လျာထားမည်ဖြစ်ပြီး UNESCO က ပံ့ပိုးသည့် တွက်ချက်မှုပုံစံဖြင့် လာမည့် ၄ နှစ်အတွက် ကုန်ကျစရိတ်ကို တွက်ချက်မည် ဖြစ်ပါကြောင်း၊ NESP 2 ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် အကောင်အထည်ဖော်ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မူကြမ်းရေး ဆွဲခြင်းနှင့် အချောသတ်ခြင်းတို့ကို ၂၀၂၁ ခုနှစ်အတွင်း လုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ NESP 2 အကျဉ်းချုပ်အား ပြန်လည်သုံးသပ်ရန်၊ ပြုပြင်မွမ်းမံရန်နှင့် အချောသတ်ရေးဆွဲနိုင်ရန်အတွက် မိတ်ဖက်ဝန်ကြီးဌာနများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် များ၏ ပံ့ပိုးကူညီမှုကို ကြိုဆိုပါကြောင်း။
ပညာရေးဝန်ကြီးဌာန၏ လက်ရှိအောင်မြင်မှုလုပ်ငန်းအချို့ ကိုတင်ပြရလျှင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရကိုယ်စားလှယ်၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသည့်ပညာရေးစီမံကိန်း မူကြမ်းအပေါ် အွန်လိုင်းမှ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ ပါကြောင်း၊ ကျောင်းများအဆင်သင့် ဖြစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ပြန်လည်အကဲဖြတ်ဆန်းစစ်မှုပုံစံ (Checklist) ပါအချက် ၈၀ နှင့်အညီ အခြေခံပညာ ကျောင်းများ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ကျောင်းများနှင့် တက္ကသိုလ်များကို ဖြည့်ဆည်းလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကျောင်း ပိုင်ရှင်များနှင့် ကျောင်းအုပ်များကို ပညာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ ကျောင်းစီမံခန့်ခွဲမှုအွန်လိုင်းသင်တန်း ပို့ချခဲ့ပါကြောင်း၊ တက္ကသိုလ် များက မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ဂုဏ်ထူးတန်းနှင့် ဒီပလိုမာသင်တန်းအချို့ ကို အွန်လိုင်းမှတစ်ဆင့် ပို့ချလျက်ရှိပါကြောင်း၊ နေအိမ်အခြေပြုသင်ယူမှုအတွက် ပညာရေးရုပ်မြင် သံကြားအစီအစဉ်မှ ရုပ်မြင်သံကြားသင်ခန်းစာများကို တစ်နေ့လျှင် ၈ နာရီ ပို့ချပေးလျက်ရှိပါ ကြောင်း၊ MRTV ရုပ်သံလိုင်းနှင့် FM Radio တို့မှလည်းကျောင်းသင်ခန်းစာများ ပို့ချပေးလျက်ရှိပါ ကြောင်း၊ မြန်မာဒီဂျစ်တယ်ပညာရေး ပလက်ဖောင်းမှတစ်ဆင့် နည်းပညာ၊ သက်မွေးပညာ ဘာသာရပ် ၁၀ ခုနှင့် အွန်လိုင်းဘာသာရပ် ၄၁ ခုကို မည်သူမဆို မှတ်ပုံတင်စရာမလိုဘဲ အင်တာနက် အခမဲ့ဖြင့် သုံးစွဲနိုင်ပါကြောင်း၊ လွန်ခဲ့သည့် ၃လခန့်က သင်တန်းသား ၂၀၀၀ ကျော်ကို LMS, Digitization နှင့် Video Editing သင်တန်း ပို့ချပေးနိုင်ခဲ့ပါကြောင်း။
ပညာရေးဝန်ကြီးဌာနက မြန်မာဒီဂျစ်တယ်ပညာရေးပလက်ဖောင်းမှတစ်ဆင့် အခြေခံပညာ သင်ယူပြီးမြောက်မှုလက်မှတ်ရရှိသူများအတွက် အိုင်စီတီ၊ အင်္ဂလိပ် စာ၊ လက်သန့်စင်ခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းခြင်း၊ ခရီးသွားလုပ်ငန်းအစရှိသည့် ဘာသာရပ်များကို အွန်လိုင်းမှ ပို့ချ ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း သင်တန်း သား ၁၂၀၀၀ အတွက် Online ဖြင့် ကိုယ်တိုင် လေ့လာသင်ယူနိုင်သော သင်ခန်းစာများကို သင်ယူနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ပညာရေးဒီဂရီ ကောလိပ်များအတွက် စဉ်ဆက်မပြတ် စွမ်းဆောင်ရည် မြင့်မားရေးနှင့် သင်ယူမှုစီမံခန့်ခွဲရေးစနစ်သင်ခန်းစာများအတွက် TOT သင်တန်းများကို ပညာရေး နှင့် အင်္ဂလိပ်စာတွင် ရလဒ်ကောင်းများ ရရှိရေးအစီအ စဉ်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ GTI, GTC, GTHS နှင့် နည်းပညာနှင့် သက်မွေးပညာသင်ကျောင်း များမှ ကျောင်းသား၊ ကျောင်းသူများ မိမိကိုယ်တိုင်သင်ယူလေ့လာနိုင်ရန် အွန်လိုင်းသင် တန်းများ စီစဉ် ပေးလျက်ရှိပါ ကြောင်း၊ လာမည့်ပညာသင်နှစ်၌ ဝေးလံခေါင်ဖျားဒေသများနှင့် ဖွံ့ဖြိုးမှုအားနည်း သောဒေသများမှ ကျောင်း ၅၀၀၀ ကို EU နှင့် DFAT, My-EQIP မှထောက်ပံ့သည့် DBE Boxes ၅၀၀၀ ၊ DBE Sticks ၈၀၀၀ ထောက်ပံ့ပေးရန် လျာထားပါကြောင်း၊ နေအိမ်အခြေပြုလေ့လာသင်ယူရန်အတွက် KG+12 သင်ရိုးညွှန်းတမ်းများကို ဒီဂျစ်တယ်သင်ခန်းစာများအဖြစ် အခြေခံပညာဦးစီးဌာန၊ ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနများက Equipping Youth for Employment – EYE Project နှင့် ပူးပေါင်းပြုစုပေးလျက်ရှိပါကြောင်း၊ ယခုအဖွဲ့ကို လာမည့် အစည်းအဝေးမှစတင်၍ ပညာရေးနှင့် တီထွင်ဆန်းသစ်မှု မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဟု အမည်ပြောင်းလဲမည်ကို အသိပေးလိုပါကြောင်းနှင့် အရည်အသွေးရှိသည့် ပညာရေးရရှိရန်အတွက် အတူတကွ လက်တွဲ ဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် UNESCO Myanmar ၏ Head of Office ဖြစ်သူ Ms Min Jeong Kim က ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့များ ပူးပေါင်းဆောင်ရွက်နေမှုအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်က Update on Summary of National Education Strategic Plan (2021-2030) ကိုလည်းကောင်း၊ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက Update on Readiness of Schools, TVET Institutions and Universities ကိုလည်းကောင်း ဆွေးနွေး တင်ပြကြရာ တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးအကြံပြုကြသည်။ ထို့နောက် ဖင်လန်နိုင်ငံသံအမတ်ကြီး နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)