ကန့်ဘလူ ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ငြိမ်းချမ်းအောင် လူမှုညီရေးအဖွဲ့(ရွှေဘို)၊ ဖိုးချစ်(ဇာတ်သဘင်)အဖွဲ့တို့နှင့် အတူ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့သို့ ဇန်နဝါရီ ၂၈ ရက်နံနက် ၁၀ နာရီ ခွဲကရောက်ရှိလာရာ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။
ထို့နောက် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့သည် ဇီးကုန်းမြို့ လက်ဆည်ရပ်ကွက် COVID- 19 Positive လူနာများထားရှိရာ အခြေခံပညာမူလတန်းကျောင်း (ယာယီဆေးရုံ)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ ပေးအပ်သော Mask ၅၀ ဗူး၊ သာမိုမီတာ ၅ ခု၊ လက်အိတ် ၁ ဗူး၊ Hand Gel ၂၀ ဗူး၊ Royal D ၁၀ ကဒ်၊ Apron(ရင်ကာ) ၁၀ ခုကိုလည်းကောင်း၊ ဖိုးချစ်(ဇာတ်သဘင်)မှ Surgical gown ၁၀ ခု၊ PPE ဝတ်စုံ ၁၀၀ စုံ၊ဆန် ၆ ပြည်ပါအိတ် ၄၀၀ တို့ကိုလည်းကောင်း၊ ငြိမ်းချမ်းအောင်လူမှုကူညီရေးအဖွဲ့(ရွှေဘို)မှ Mask. ၁၀ ဗူး၊လက်အိတ် ၁ ဗူးတို့ကိုပေးအပ်ခဲ့ရာ ဇီးကုန်းမြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဆရာဦးသောင်းညီ (ပညာရေးငြိမ်း)က လက်ခံရယူခဲ့ကြောင်း သိရသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးကုန်းမြို့မှ ဇီးကုန်း-ထန်းကုန်းမူးဘောင်လမ်းအတိုင်း ဆက်လက် ထွက်ခွာလာရာ ကန့်ဘလူခရိုင်စုပေါင်းရုံးသို့ မွန်းတည့် ၁၂ နာရီခန့်ကရောက်ရှိခဲ့ပြီး အဆိုပါ ရုံးဧည့်ရိပ်သာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ကျန်းမာရေးသုံးပစ္စည်းများဖြစ်သည့် အသက်ရှုစက် ၁ လုံး၊ Mask ၅၀ ဗူး၊ သာမိုမီတာ ၅ ခု၊ လက်အိတ် ၁ ဗူး၊Hand Gel ၂၀ ဗူး၊ Royal D ၁၀ ကဒ်၊ Apron(ရင်ကာ) ၁၀ ခု တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)