နေပြည်တော် ဇန်နဝါရီ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ချိတ်ဆက်တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အသင်းအဖွဲ့တစ်ခု၊ လုပ်ငန်းတစ်ခုသည် အများပြည်သူအတွက် လုပ်ကိုင်ဆောင်ရွက်ရင်း သက်တမ်း ရှည်ကြာလာသည်နှင့်အမျှ တန်ဖိုးရှိလာကြောင်း၊ မိမိတို့၏ လုပ်ကိုင်ဆောင်ရွက်မှုများကို အများပြည်သူက တန်ဖိုးထား အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းတင်လာကြောင်း၊ ထို့ကြောင့် အများပြည်သူအတွက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်မည့်ကိစ္စရပ်များကိုလည်း စဉ်းစားဆောင်ရွက် ရပါကြောင်း။
နှစ် (၃၀) ကာလ ဖြတ်သန်းမှုနှင့်အတူ အများပြည်သူအတွက် ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များထဲမှ မည်သည့်အရာများကို ပိုမိုလုပ်ဆောင်သင့်သည်ဆိုသည့် ပြန်လည်သုံးသပ်မှုများကို ဆောင်ရွက်ရမည့် အချိန်ကာလဖြစ်ကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူနှင့် ဆက်ဆံဆောင်ရွက်နေသည့် ဌာနတစ်ခုဖြစ်ပြီး အများပြည်သူအတွက် ဝန်ဆောင်မှုပေးနိုင်ရန်၊ အများပြည်သူက အကြံဉာဏ်ပေးနိုင်ရန်နှင့် အများပြည်သူပေးသည့် အကြံဉာဏ်များကို ကူညီဖော်ဆောင်ပေးနိုင်ရန် လိုအပ်ကြောင်း၊ အများပြည်သူနှင့် ဆက်ဆံဆောင်ရွက်ရာတွင် အကြောင်းအရာ တစ်ခုကို ကောင်းသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပါက ကောင်းသော တုံ့ပြန်မှု ရရှိနိုင်သည် ဆိုသည့်အချက်ကို ဂရုပြုစေလိုကြောင်း၊ ဦးစီးဌာနအနေဖြင့် အများပြည်သူက အသိအမှတ်ပြုလက်ခံသည့် ကလေးစာပေပွဲတော်များ၊ လူငယ်ဘက်စုံပွဲတော်များကို အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ကြောင်း။
အများပြည်သူကို ဝန်ဆောင်မှုပေးရာတွင် ဦးစီးဌာန၏ မူရင်းအလုပ်ဖြစ်သည့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စာကြည့်တိုက်များသည် အများပြည်သူကို အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သည့်အတွက် ဦးစီးဌာန၏ ပင်မလုပ်ငန်းဖြစ်သည့် စာကြည့်တိုက်များအတွက် စာကြည့်တိုက်မှူးကောင်းများလည်း ရှိစေလိုကြောင်း၊ စာကြည့်တိုက်မှူးများ စာဖတ်စေလိုကြောင်း၊ စာကြည့်တိုက်မှူးကောင်းများ ဖြစ်စေရန် လေ့ကျင့်ပျိုးထောင်ပေးသွားရမည် ဖြစ်ကြောင်း၊ စာကြည်တိုက်မှူးများသည် စာကြည့်တိုက်များ တိုးတက်ကောင်းမွန်စေမည့်အရာများကို စဉ်းစားလုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ကြီးပွားတိုးတက်သူများ၊ ထင်ရှားကျော်ကြားသူများကို လေ့လာကြည့်ပါက ၎င်းတို့တွင် စာဖတ်သည့် အလေ့အထကောင်းများရှိသည်ကို တွေ့ရှိရပါကြောင်း။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သည့် ပြည်သူ့စကားဝိုင်းများသည် အများပြည်သူအတွက် အစပျိုးနေသည့်လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊ အများပြည်သူ စိတ်ပါဝင်စားမှု၊ ပါဝင်မှုရှိသည့် စကားဝိုင်းများ ဖြစ်လာစေရန်၊ အများပြည်သူ ဝိုင်းဝန်းဆွေးနွေးသည့် ပြည်သူ့စကားဝိုင်း အလေ့အထ ဖြစ်လာစေရန် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
ရုပ်ရှင် နှစ် (၁၀၀) ပြည့်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြားသော ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်နိုင်ခဲ့ သကဲ့သို့ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ ဖွင့်လှစ်နိုင်ခြင်း၊ ရုပ်ရှင်စတူဒီယိုများ ဆောက်လုပ်နိုင်ခြင်းတို့အတွက် အသိအမှတ်ပြုပါကြောင်း၊ မီဒီယာသိနားလည်မှုဆိုင်ရာ အသိပညာ ပြန့်ပွားရေးကိစ္စရပ်များ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အများပြည်သူနှင့် သက်ဆိုင်သည့် သတင်းများကို ယခင်ကထက် ပိုမိုကျယ်ပြန့်စွာ တင်ပြဆောင်ရွက်လာကြပြီး ပြည်သူများ၏ အသိအမှတ်ပြုလက်ခံမှုများကို ရရှိနေပြီဖြစ်၍ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ၂၀၂၀ ပြည့်နှစ်အတွင်း ခရိုင်အလိုက် သတင်းပေးပို့ဖော်ပြခံရမှု အများဆုံး ပထမဆုရရှိသည့် ကျောက်ဆည်ခရိုင်ရုံး၊ ဒုတိယဆုရရှိသည့် မန္တလေးခရိုင်ရုံး၊ တတိယဆုရရှိသည့် ဘားအံခရိုင်ရုံး၊ အထူးဆုရရှိသည့် ဂန့်ဂေါခရိုင်ရုံး၊ ရန်ကုန်တောင်ပိုင်း ခရိုင်ရုံး၊ ကျောက်မဲခရိုင်ရုံး၊ ဟားခါးခရိုင်ရုံး၊ မုံရွာခရိုင်ရုံးနှင့် တောင်ကြီးခရိုင်ရုံး တို့အတွက် ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ၂၀၂၀ ပြည့်နှစ်အတွင်း မြို့နယ်အလိုက် သတင်းလွှင့်တင်ဖော်ပြခံရမှု အများဆုံး ပထမဆုရရှိသည့် နတ်မောက်မြို့နယ် ရုံး၊ ဒုတိယဆုရရှိသည့် မြောက်ဉက္ကလာပမြို့နယ်ရုံး၊ တတိယဆုရရှိသည့် မိုင်းယောင်းမြို့နယ်ရုံး၊ အထူးဆုရရှိသည့် လှိုင်းဘွဲမြို့နယ်ရုံး၊ သီပေါမြို့နယ်ရုံး၊ ကျောက်ပန်းတောင်းမြို့နယ်ရုံး၊ တောင်တွင်းကြီးမြို့နယ်ရုံး၊ မြင်းမူမြို့နယ်ရုံး၊ ဒေးဒရဲမြို့နယ်ရုံးနှင့် ပွင့်ဖြူမြို့နယ်ရုံးတို့အတွက် ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ဌာန၏ နှစ် (၃၀)ပြည့် အထိမ်းအမှတ် “ပြည်သူ့အတွက် ဒို့ပြန်/ဆက်” ဌာနတွင်း ဓာတ်ပုံပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ၂၀၂၀ ပြည့်နှစ်အတွင်း သတင်းအရည်အသွေး အကောင်းဆုံးဆုရရှိသူများနှင့် ဌာန၏ နှစ် (၃၀) ပြည့်အထိမ်းအမှတ် Documentary ပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ဓာတ်ပုံထူးချွန်ဆုရရှိသူများ၊ ဝန်ထမ်းများအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ပြည်သူ့ဝန်ထမ်းကောင်းဆု ရရှိသူများအား လည်းကောင်း၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဉီးသက်ဆွေက စာပေထူးချွန်ဆုရရှိသူများနှင့် လူမှုရေးဆိုင်ရာ ထူးချွန်ဆုရရှိသူများအားလည်းကောင်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်သူ့စာကြည့်တိုက် Facebook Page တွင် အသိပညာပေးလုပ်ငန်းအများဆုံး လွှင့်တင်ဆောင်ရွက်နိုင်မှုဆု ရရှိသူများနှင့် ဌာန၏ နှစ် (၃၀) ပြည့် အထိမ်းအမှတ် Project Proposal ပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဆောင်ရွက်ချက်များကို မှတ်တမ်းတင်ထားသည့် “ပြည်သူအကျိုးပြု ရှေးရှုဦးတည် ပုလဲရတုတိုင်ပြီ” မှတ်တမ်းဗီဒီယိုကို ပြသသည်။
ဆက်လက်၍ ဆုရရှိသူများကိုယ်စား အရာထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်