နေပြည်တော် ဇန်နဝါရီ ၂၈
အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAOs) မှ ကိုယ်စားလှယ်များ၏ အလွတ်သဘော ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ NCA-S EAOs ကိုယ်စားလှယ်များအဖြစ် စဝ်စိုင်းငင်း(RCSS)၊ ဦးမျိုးဝင်း (ABSDF)၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း(CNF)၊ ပဒိုစောတာဒိုမူး (KNU)၊ စောမြရာဇာလင်း (ALP)၊ ခွန်မြင့်ထွန်း (PNLO)၊ စောစိန်ဝင်း (DKBA)၊ စောကျော်ညွန့် (KNU/KNLA-PC)၊ ကြာဆော်လမွန် (LDU)နှင့် နိုင်အောင်မငေး (NMSP)တို့ တက်ရောက်ကြ သည်။
တက်ရောက်လာကြသည့် အစိုးရနှင့် NCA-S EAOs ကိုယ်စားလှယ်များက ရှေ့ဆက် လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ နှစ်ဖက်ဆက်လက်ပြုလုပ်မည့်ဆွေးနွေးမှု အစီအစဉ်များကို ဆွေးနွေးကြသည်။
အစိုးရနှင့် NCA-S EAOs တို့၏ နှစ်ဖက်အလွတ်သဘော တွေ့ဆုံမှုကို တစ်လလျှင် အနည်းဆုံးတစ်ကြိမ် ဆက်လက် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြင့်(သတင်းစဉ်)