Skip to main content

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၄ ခု ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြု

နေပြည်တော် ဇန်နဝါရီ ၂၇

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄ ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ကဏ္ဍ၊  မွေးမြူရေးကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းသစ် ၁၄ ခုကို ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂၉၅ ဒသမ ၂၇၉ သန်းနှင့် ငွေကျပ် ၁၅၃ ဒသမ ၆၈၆ ဘီလီယံရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ,၃၇၁ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ယနေ့အစည်းအဝေးတွင် ခွင့်ပြုခဲ့သည့် လုပ်ငန်းများတွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့၌ ဆောင်ရွက်မည့် ၄၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ခုနှင့် ရန်ကုန် တိုင်းဒေသကြီးတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Scoular Myanmar Co., Ltd. က  ဆောင်ရွက်မည့် တန်ဖိုးမြှင့်ထုတ်လုပ်ထားသော ငါးစာထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်း ခု အပါအဝင် ဝက်မွေးမြူရေးလုပ်ငန်းများလည်း ပါဝင်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်နှင့်အညီ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများကို  အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိပြီး ယနေ့ခွင့်ပြုပေးသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများသည် ၂၀၃၀ ပြည့်နှစ် တွင် နိုင်ငံတော် ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး ဦးတည်ချက် အား အထောက်အကူပြုနိုင်မည် ဖြစ်သည်။

ခွင့်ပြုပေးခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး (ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်) လုပ်ငန်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၂ ရက်တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့သည့် Climate Ambition Summit ၌ ပြောကြားခဲ့သည့် ဗီဒီယိုမိန့်ခွန်းတွင် ပါရှိသည့် လမ်းညွှန်ချက်အရလည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် ရာသီဉတု ပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (National Determined Contribution-NDC) ကို ဆောင်ရွက်သွားမည့် ရည်မှန်းချက်အရ လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၁ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက်အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၁၃  ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု၏ ၂၅ ဒသမ ၉၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၅၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

(သတင်းစဉ်)