Skip to main content

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံ၊ နေပြည်တော်ရှိ ကာကွယ်ဆေးထိုး စုရပ်များသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သွားရောက်ကြည့်ရှု

နေပြည်တော်  ဇန်နဝါရီ ၂၇

နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကျန်းမာရေးဝန်ထမ်းများကို ယနေ့နံနက် (၈) နာရီမှ စတင်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမဆောင်(၂)ရှိ ကာကွယ်ဆေးထိုးစုရပ်နှင့်  သားဖွားသင်တန်းကျောင်း၊ ကာကွယ်ဆေးထိုးစုရပ်တို့သို့ သွားရောက်ခဲ့ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံးထိုးနှံမှုအဖြစ် နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ အထက်တန်းသူနာပြု ဒေါ်အေးမူမူအား ယနေ့ နံနက်(၈) နာရီ တွင် ထိုးနှံပေးခဲ့သည်။

ယနေ့ညနေအထိ စာရင်းများအရ ကျန်းမာရေးဝန်ထမ်း(၃၀,၅၅၁)ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများကို လာမည့်ရက်များတွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)