နေပြည်တော် ဇန်နဝါရီ ၂၇
ပညာရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂနှင့် အစ္စရေးသံရုံးတို့ ပူးပေါင်း၍ နိုင်ငံတကာ The Victims of the Holocaust အမှတ်တရနေ့အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန ကိုယ်စား Holocaust ဒဏ်ခံစားခဲ့ရသူများအတွက် အထူးဝမ်းနည်းကြောင်း၊ ၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးက Holocaust ဒဏ်ခံစားခဲ့ရသူများအတွက် နိုင်ငံတကာ Holocaust အမှတ်တရနေ့အခမ်း အနားများကို ကျင်းပကြရန် ဆုံးဖြတ်တိုက်တွန်းခဲ့ပါကြောင်း၊ နိုင်ငံတကာ Holocaust အောက်မေ့ဖွယ်နေ့အခမ်းအနားများတွင် ကမ္ဘာ့နိုင်ငံများက ဒုတိယကမ္ဘာစစ်အတွင်း နာဇီများ၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ဂျူးလူမျိုး ၆ သန်းနှင့် အခြားလူမျိုးများ သေဆုံးခဲ့ရမှုအကြောင်းကို ထည့်သွင်း ပြောဆိုခဲ့ကြပါကြောင်း၊ အတွေ့အကြုံများအရ နာဇီများက ဂျူးလူမျိုးများကို မျိုးတုန်းသတ်ဖြတ်ခဲ့သည့် ကြေကွဲဝမ်းနည်းဖွယ် ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရေးနှင့် တားဆီးကာကွယ်နိုင်ရေးအတွက် ကျောင်းသားများ ၏ စိတ်တွင် စွဲမြဲသွားစေရန် ရည်ရွယ်ကာ ပညာရေးသင်ခန်းစာများ ပို့ချပေးရန် အရေးကြီးပါကြောင်း။
ယခုနှစ် ၂၀၂၁ ခုနှစ်အတွက် ခေါင်းစဉ်မှာ “Facing the Aftermath: Recovery and Reconstitution after the Holocaust” ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂက သတ်မှတ်ပေးထားသော အဆိုပါခေါင်းစဉ်သည် Holocaust ဒဏ်ခံစားခဲ့ရသူများနှင့် အသက်ရှင် ကျန်ရစ်သူများအတွက် Holocaust ၏ သမိုင်းဝင်ဖြစ်ရပ်မှတ်တမ်းများကို စိတ်တွင် စွဲထင်စေရန် လိုအပ်ပုံကို သတိပေးနေပါကြောင်း၊ Holocaust နှင့်ပတ်သက်သော ဗဟုသုတ များကို လူငယ်များအား အသိပညာမျှဝေ ပေးခြင်း၊ သင်ကြားပေးခြင်းတို့ဖြင့် အတိတ်သမိုင်း ကို ပိုမိုနားလည်လာစေပြီး သတင်းမှားများနှင့် အမုန်းစကားများဖြင့် လူမျိုးခွဲခြားဆန့်ကျင် ရေးစိတ်ဓာတ်နှင့် ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်အောင် လှုံ့ဆော်နေမှုများကို ပြည်သူများ ပိုမိုသိရှိနားလည်လာစေမည်ဖြစ်ပါကြောင်း၊ Holocaust အောက်မေ့ဖွယ် အခမ်းအနားများ သည် အတိတ်နှင့်အနာဂတ်ကို ချိတ်ဆက်ပေးရာရောက်ပါကြောင်း၊ အထူးအားဖြင့် အနာဂတ်တွင် ဤဖြစ်ရပ်မျိုး ထပ်မံမပေါ်ပေါက်စေရေးအတွက် တားဆီးရန် လိုအပ်သကဲ့သို့ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်ကို အတူတကွ ပူးပေါင်း ဆောင်ရွက်ရန် သတိပေးနေပါကြောင်း။
မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်မှစတင်၍ Holocaust အောက်မေ့ဖွယ်နေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပ လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၂ ခုနှစ်မှ စတင်၍ ရန်ကုန်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်တို့နှင့် ကုလသမဂ္ဂ ပြန်ကြားရေးဌာနတို့တွင် Holocaust အောက်မေ့ဖွယ်နေ့ အခမ်းအနားများကို အစ္စရေးသံရုံးနှင့် ပူးပေါင်း ကျင်းပလျက်ရှိပါကြောင်း၊ ဤအခမ်းအနားများသည်အတိတ်က ကြောက်မက် ဖွယ်ကာလများ ကို သိမြင်နားလည် အောင် ပညာပေးနိုင်သကဲ့သို့ ကွဲပြားခြားနားသော လူမျိုး၊ ဘာသာ၊ တိုင်းပြည်များအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် ချစ်ခင်မှုတို့ လိုအပ်ပုံကို သိမြင်စေပါကြောင်း၊ လူမျိုးခွဲခြားဆန့်ကျင်ရေးဝါဒကို လုံးဝသည်းခံခွင့်လွှတ်၍ မရသောအရာအဖြစ် လူ့အခွင့်အရေးနှင့် ကမ္ဘာ့လူသား ကောင်းစိတ်ဓာတ်တို့ဖြင့် ပြန်လည် ချေဖျက်ရမည် ဖြစ်ပါကြောင်း၊ ဤသည်မှာ ချက်ချင်း အကောင်အထည်ဖော်ရမည် ဖြစ်သကဲ့သို့ ရေရှည် ဆောင်ရွက်ရမည့် ပညာရေးဆိုင်ရာလုပ်ငန်း တာဝန်လည်းဖြစ်ပါကြောင်း၊ ယခုနှစ်တွင် Holocaust အောက်မေ့ဖွယ်အခမ်းအနားကို ပုံစံနှစ်ရပ်ဖြင့် ကျင်းပပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနမှ တက္ကသိုလ်ကျောင်းသားများနှင့် ဆရာများအား Holocaust ဆိုင်ရာ ဆွေးနွေး ပို့ချချက်ပုံစံနှင့်အတူ ကိုဗစ်ကာလစည်းမျည်းစည်းကမ်းများကို လိုက်နာလျက် အထိမ်းအမှတ် အခမ်းအနားပုံစံဖြင့်လည်း ကျင်းပပါကြောင်း ပြောကြားသည်။
ထို့နောက် United Nations Resident & Humanitarian Coordinator in Myanmar မှ H.E. Mr. Ola Almgren က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီရို ဂူတာရက်၏ သဝဏ်လွှာကို ဗီဒီယိုဖြင့် ပြသသည်။
ယင်းနောက် အစ္စရေးသံအမတ်ကြီး မစ္စတာ ရိုနယ်ဘီလာ၊ ဂျာမနီသံအမတ်ကြီး မစ္စတာ သောမက်စ် ကာလ်နိုင် ဇင်ကာ၊ ရုရှားနိုင်ငံသံအမတ် မစ္စတာ နီကိုလိုင်းလစ်တိုပါဒေါ့ပ်နှင့် UNICEF မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms. June Kunugi တို့က မိန့်ခွန်း ပြောကြား ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ United Nations Resident & Humanitarian Coordinator in Myanmar၊ UNICEF မြန်မာ၏ ဌာနေကိုယ်စားလှယ်၊ သံအမတ်ကြီးများနှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်တို့က အထိမ်းအမှတ် ဖယောင်းတိုင် မီးထွန်းညှိခဲ့ကြပြီး ဗီဒီယိုမှတ်တမ်းပြသခြင်း၊ အမှတ်တရ သီချင်း တီးခတ်ခြင်းများ ဆောင်ရွက် ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)