နေပြည်တော် ဇန်နဝါရီ ၂၇
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ ပြစ်ဒဏ် ကျခံပြီးဖြစ်သည့် မြန်မာနိုင်ငံသား(၄၅)ဦး အပါအဝင် အခက်အခဲကြုံ တွေ့နေရသည့် မြန်မာနိုင်ငံသား (၁၇၃) ဦးအား မြန်မာအပြည်ပြည် ဆိုင်ရာလေကြောင်းလိုင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု(၁၄)ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇)ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍လည်း မလေးရှားနိုင်ငံရောက် အထောက်ထားမဲ့ မြန်မာနိုင်ငံသားများနှင့် အကြောင်းအမျိုးမျိုး ကြောင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည့် မြန်မာနိုင်ငံသားများအား နိုင်ငံသားဖြစ်တည်မှုမှန်ကန်ကြောင်း အထောက်အထားများ စိစစ်လျက် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေး လေယာဉ်များဖြင့် ဆောလျင်စွာ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု များနှင့်အညီ ကွာလာလမ်ပူမြို့ မြန်မာသံရုံးအနေဖြင့် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိရာ မလေးရှားနိုင်ငံမှ ယနေ့ထိ ကယ်ဆယ်ရေးလေယာဉ် (၄၅)ကြိမ်တိုင် ပျံသန်းပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)