Skip to main content

ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် လူသားချင်းစာနာမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၂၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် နေရပ်စွန့်ခွာရသူများအတွက် လူသားချင်းစာနာမှု အကူအညီပေးအပ်ခြင်း ပြန်လည်နေရာ ချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် သက်ဆိုင်သော လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အဖွဲ့အစည်းမှ မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ် Ms. Hai Kyung Jun နှင့် ဒုတိယကိုယ်စားလှယ် Ms. Yukiko Iriyama တို့ ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက်ပိုင်းက ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ် UNHCR ဌာနေကိုယ်စားလှယ်အနေဖြင့် မကြာသေးမီက မြန်မာနိုင်ငံတွင် စတင်တာဝန် ထမ်းဆောင်ပြီးနောက် ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ  UNHCR မှ လုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး သက်ဆိုင်ရာအစိုးရ ဌာနများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ရာ အဆိုပါ ခရီးစဉ် တွေ့ရှိချက်များနှင့် ဆက်လက် ဆောင်ရွက်သွားမည့်အချက်များ၊ ရခိုင်ပြည်နယ်တွင် ဆောင်ရွက် လျက်ရှိသည့် Quick Impact Projects(QIPs)များ၏ တိုးတက်မှုများ၊ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရများ၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)တို့နှင့် ပူးပေါင်း၍ နေရပ်စွန့်ခွာ ရသူများ ပြန်လည်နေရာချထားရေး၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများပိတ်သိမ်းရေး အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ဆောင်ရွက်ရေး၊ ရေရှည်တည်တံ့ ခိုင်မြဲမည့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများချုပ်ငြိမ်း နိုင်ရေးအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများ သာတူညီမျှရရှိရေးအတွက် ညှိနှိုင်းကြိုးပမ်း ဆောင်ရွက် နေမှုများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပါသည့် မိုင်းအန္တရာယ်ကင်းစင်ရေးနှင့် သက်ဆိုင်ရာ နယ်ပယ်များတွင် UNHCR အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)