Skip to main content

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်

နေပြည်တော် ဇန်နဝါရီ ၂၆

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံ များတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၄၁) ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၇ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ဘရာဇီးမှ တစ်ဦး၊ ဂျာမနီမှ သုံးဦး၊ နော်ဝေမှ လေးဦး၊ အီဂျစ်မှ တစ်ဦး၊ ဆွစ်ဇာလန်မှ တစ်ဦး၊ အီတလီမှ လေးဦး၊ အမေရိကန် ပြည်ထောင်စုမှ လေးဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ ၆၇ ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၈၅ ဦး လိုက်ပါကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာ ရေး စစ်ဆေးရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ/ သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု ၁၄ ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက် ပေးကြသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် သင်္ဘောသားများ အား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်