နေပြည်တော် ဇန်နဝါရီ ၂၆
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စ ဂျောင်ဟေခယောင်းနှင့် ဒုတိယဌာနေကိုယ်စားလှယ် မစ္စ ယူကီကို အီရီယာမာတို့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေ ချုပ်က ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း တာဝန်များ၊ မဟာဗျူဟာစီမံကိန်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အကောင်အထည်ဖော်မှုများ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင် ပတ်သက်မှု နောက်ဆက်တွဲ သဘောတူစာချုပ် အတည်ပြုပါဝင်မှုနှင့် ကလေးသူငယ် အခွင့် အရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းမှု၊ ရခိုင်ပြည်နယ် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင် (ICOE) ၏ အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက် နေမှုများ၊ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန် သုံးသပ်သည့် လုပ်ငန်းစဉ် (UPR) နှင့် စပ်လျဉ်းသည့် တတိယအကြိမ် အစီရင်ခံစာ တင်သွင်းခြင်းနှင့် ယင်း အစီရင်ခံစာအပေါ် ဇန်နဝါရီ ၂၅ ရက်တွင် သုံးသပ်မှုခံယူခဲ့ခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးသည်။
ထို့နောက် UNHCR ဌာနေ ကိုယ်စားလှယ် မစ္စ ဂျောင်ဟေ ခယောင်းက အခြားနိုင်ငံများတွင် ရှေ့နေချုပ်ရုံးနှင့် UNHCR တို့ ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများ၊ မိမိတို့နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ တိုးတက်ကောင်းမွန် သည့် ဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၊ UNHCR အနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် ဥပဒေပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက် လိုသည့် ကိစ္စရပ်များ ပြန်လည် ဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာ သီတာဦး နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆွေဆွေအောင်တို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်