နေပြည်တော် ဇန်နဝါရီ ၂၆
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေများ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မြန်မာနိုင်ငံသို့ ပထမအသုတ်အနေဖြင့် ရောက်ရှိ လာသော ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံရေး ကို ဇန်နဝါရီ ၂၇ ရက်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ဝန်ထမ်းများကို စတင် ထိုးနှံတော့မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လတ်တလော လုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေများနှင့် ထပ်မံဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်မည့် အချက်များကို ဆွေးနွေးရန် ယခုအစည်းအဝေးကို ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ ဝန်ထမ်း များအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် အခြားသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေရုံသာမက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းများကိုပါ အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်နေသည့်အတွက် ကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း။
ကမ္ဘာတစ်ဝန်းတွင် ပေါ်ပေါက်ထိုးနှံအသုံးပြုနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် ဓာတ်ခွဲခန်းနှင့် သုတေသနလေ့လာစမ်းသပ်ရာတွင် စွမ်းရည်ထက်မြက်မှု (efficacy) ရှိသည် ကိုသာ သိရှိရသေးပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးကို (၂) ကြိမ်ထိုးနှံပြီးနောက် ရောဂါကာကွယ်မှု စွမ်းရည်မည်မျှရှိမည်၊ ကာကွယ်နိုင်သည့် အချိန်ကာလအတိုင်းအတာ မည်မျှရှိမည်စသည့် အချက်များကို ဆက်လက်လေ့လာနေပြီး မကြာမီပိုမို သိရှိ လာမည်ဖြစ် ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဆေးထိုးထားသူအတွက် ရောဂါကာကွယ်မှု အတိုင်းအတာတစ်ခုအထိ ပေးနိုင် သော်လည်း ထိုသူမှတစ်ဆင့် အခြားသူများထံ ရောဂါကူးစက်နိုင်မှု အခြေအနေကို နိုင်ငံတကာတွင် ဆက်လက်လေ့လာလျက် ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (mask) များ မတပ်ဆင်ခြင်းကဲ့သို့သော အပြုအမူမျိုး (လုံးဝ) လုပ်ဆောင်၍မရပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူဖြစ်စေ၊ မထိုးနှံရသေးသူဖြစ်စေ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်း များကို ဆက်လက်၍ တိကျစွာ မဖြစ်မနေလိုက်နာကျင့်သုံးနေရမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များ အကြား ဆက်သွယ်ချိတ်ဆက်မှုလမ်းကြောင်းများသည် ကာကွယ်ရေးထိုးနှံသည့် ကိစ္စရပ် အောင်မြင်နိုင်ရန် အထူးအရေးကြီးသဖြင့် ကာကွယ်ဆေး ဆက်လက်ထိုးနှံမည့် ကာလ တစ်လျှောက်လုံး အမြဲမပြတ် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်နေရမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးအာနိသင် မလျော့ကျစေရေးအတွက် ကာကွယ်ဆေး အအေးလမ်းကြောင်း စနစ်နှင့် ထားသိုမှုစနစ်အပြင် ဆေးထိုးသည့်အချိန်၌လည်း သတ်မှတ်ထားသော စံအတိုင်း ဖြစ်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန မှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူ ဆရာဝန်နှင့် ဆရာမများက ဦးစားပေး ကြီးကြပ်ကြစေ လိုပါကြောင်း၊ ဗဟိုမှ ပေးပို့ထားသော ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုနှင့် ထိုးနှံပြီး ဆက်လက် စောင့်ကြပ်ကြည့်ရှုရမည့်ကိစ္စရပ်များနှင့် ပတ်သက်သော လုပ်ငန်း လမ်းညွှန်အားလုံးကိုလည်း သေချာစွာ အပြန်အလှန်ဖတ်ရှု ထားကြရမည်ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် နေရာဒေသအလိုက် သွားလာရ ခက်ခဲမှုအခြေအနေ၊ လုံခြုံရေးအခြေအနေ၊ ထိုးနှံရမည့် လူဦးရေစသည် တို့ မတူညီသဖြင့် ထိုးနှံမည့်ရက် အတိုင်း အတာလည်း တစ်ပြေးညီတူညီရန် မလိုပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများအနေဖြင့် ဗဟိုမှ တာဝန်ရှိသူများနှင့် တိုင်ပင် ကာ လိုအပ်သလို ချိန်ဆပြောင်းလဲ၍ လုပ်ကိုင်နိုင်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု အတွက် သဏ္ဍာန်တူစားပွဲတင်လေ့ကျင့်ခန်းများ၊ မွမ်းမံသင်တန်းများ ပြုလုပ်ထားကာ ကြိုတင် ပြင်ဆင်ထားမှုများနှင့်အညီ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး ကြိုတင် ပြင်ဆင်မှုများရှိသော်လည်း မမျှော်မှန်း နိုင်သော ကိစ္စရပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ် ချက်ချ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ ဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ရမည့်အပြင် ပြည်သူများ၏ အသံကိုလည်း အမြဲတမ်းနားထောင်၍ လိုအပ်သလို ဆက်လက်ဆောင်ရွက် ကြရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ မြို့နယ်အဆင့်မွမ်းမံသင်တန်းများ ပြုလုပ်ထားမှု၊ ကိုဗစ်-၁၉ ကာကွယ်ဆေး များ ရောက်ရှိမှုအခြေအနေ၊ ကာကွယ်ဆေးများသိုလှောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဖြန့်ဝေခြင်းနှင့် စွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲခြင်း၊ ကာကွယ်ဆေးထိုး စုရပ်များ စနစ်တကျစီစဉ် ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲပြဿနာများကို စောင့်ကြပ် စစ်ဆေး ခြင်း၊ ကာကွယ်ဆေး ထိုးနှံခြင်းကို မှတ်တမ်းတင်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်း၊ ကာကွယ် ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုကို ဆက်သွယ်ပြောဆို ခြင်းလုပ်ငန်းများအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ စာရင်းများပြုစုထားရှိမှုနှင့် အခက်အခဲ၊ ကာကွယ်ဆေး ထိုးနှံမည့်နေရာ ပြင်ဆင်ထားရှိမှု၊ ကာကွယ်ဆေးထိုးနှံပေးမည့် အဖွဲ့များနှင့် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့များ ဖွဲ့စည်းထားပြီး တာဝန်ချထားမည့်အစီအစဉ်၊ ကာကွယ် ဆေးထိုးပြီး နောက်ဆက်တွဲပြဿနာများကို စောင့်ကြပ်ကြည့်ရှုမည့်လုပ်ငန်း၊ လိုအပ်ချက်များကို တင်ပြကြ ရာ ပြည်ထောင်စု ဝန်ကြီးက တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးပြီး ဖြည့်ဆည်း ဆောင်ရွက်ရန် ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ယနေ့ မွန်းလွဲပိုင်းတွင် အမျိုးသားအဆင့် ကာကွယ် ဆေး ထိုးလုပ်ငန်းဆိုင်ရာ နည်းပညာ အကြံပေး အဖွဲ့ (National Immunization Technical Advisory Group - NITAG) နှင့် ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်ပေါ်သော နောက်ဆက်တွဲ ပြဿနာများကို နည်းပညာဖြင့် အကြောင်းရင်းရှာဖွေဆုံးဖြတ်ရန် စီမံခန့်ခွဲမှု ကော်မတီ (Adverse Events Following Immunization Management Committee) တို့နှင့် တွေ့ဆုံခဲ့၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများအတွက် အကြံပြုချက်များ ရယူဆွေးနွေးသည်။
ထိုသို့ ဆွေးနွေးရာတွင် ယခုပထမအသုတ်ရောက်ရှိ ထိုးနှံမည့် ကိုဗစ်-၁၉ ကာကွယ် ဆေးများ၏ ဘေးကင်းလုံခြုံမှု (vaccine safety) ကိစ္စရပ် များ၊ ကာကွယ်ဆေးထိုးနှံရန် စီစဉ်ဆောင်ရွက် နေသည့် ကိစ္စရပ်များ၊ ကာကွယ်ဆေးထိုးနှံရာတွင် ကြုံတွေ့နိုင်သည့် ကိစ္စရပ်များ၊ ကာကွယ် ဆေးထိုးနှံရာတွင် ကောလာဟလများ၊ သတင်းအမှားအမျိုးမျိုး ပေါ်ပေါက်လာမည့် ကိစ္စရပ်များ၊ ကာကွယ်ဆေးထိုးနှံပြီးနောက် စောင့်ဆိုင်း သည့် နေရာတွင် မိနစ်(၃၀)ခန့် စောင့်ဆိုင်းရမည် ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီးလျှင် သာမာန်လက္ခဏာများ ရာခိုင်နှုန်း အနည်းအများရှိမှု၊ ပြင်းထန်သော တုံ့ပြန်မှုရှိပါက ကာကွယ်ဆေးထိုးနေရာတွင် ချက်ချင်းပြုစု ကုသမှုပေးမည့် ကိစ္စ၊ နေအိမ်သို့ ပြန်ရောက်ပြီးနောက်တွင် မည်သို့သော လက္ခဏာများရှိပါက မည်သူ့ထံသို့ ဆက်သွယ်ရမည်နှင့် မည်သည်တို့လုပ်ဆောင်ရမည်ကို ကာကွယ်ဆေး ထိုးနှံ ခံမည့်သူများအား အသိပေးထားမည့်ကိစ္စအပါအဝင် ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ ပြည်သူလူထုကို ဆက်သွယ်ပြောဆိုခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးပြီး နောက်ဆက် တွဲပြဿနာများကို စောင့်ကြပ်စစ်ဆေးခြင်းလုပ်ငန်းနှင့် ပတ်သက်သော ကိစ္စရပ်များ၊ ကာကွယ်ဆေး၏ တုံ့ပြန်မှု (reaction) ရှိနိုင်ရုံသာမက စိုးရိမ်ကြောင့်ကြမှု (Immunization anxiety-related reaction)နှင့် ကာကွယ်ဆေးကြောင့်မဟုတ်ဘဲ အခြားသော အကြောင်းများကြောင့်ဖြစ်သော တိုက်ဆိုင်မှု ဖြစ်ရပ် (Coincidental event) များလည်း ရှိနိုင်မှုစသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုကြသည်။
ဆွေးနွေးအကြံပြုမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးခဲ့ပြီး ယခုကဲ့သို့ အငြိမ်းစား ပါမောက္ခကြီးများနှင့် ပညာရှင်ကြီးများက ပြည်သူများ အကျိုးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းကိစ္စများတွင် ကြိုးပမ်းပါဝင် ဆောင်ရွက်နေမှုများ နှင့် ကျွမ်းကျင်မှုပိုင်း ပညာရပ်ဆိုင်ရာ အကြံပြုမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။
ယနေ့ ဆွေးနွေးပွဲများသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း တာဝန်ရှိသူများ၊ အငြိမ်းစား ပြည်သူ့ကျန်းမာရေး ပညာရှင်ကြီးများ၊ ကာကွယ်ဆေး ပညာရှင်ကြီးများ၊ ဆေးပညာပါမောက္ခများ၊ ကလေး ဆေးပညာ ပါမောက္ခများတက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)