Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှု မူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် အပြီးသတ် အစီရင်ခံသည့် အစည်းအဝေးကို Virtual ပုံစံဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၂၆

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်အတွက် အပြီးသတ် အစီရင်ခံသည့် အစည်းအဝေးအား Virtual ပုံစံဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ဝန်ကြီးဌာနတွင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အချိန်တစ်နှစ်ခွဲခန့်ယူ ကြိုတင် ပြင်ဆင်မှုများပြုလုပ်ခဲ့ပါကြောင်း၊ လုပ်ငန်းစဉ်နှင့်အတူ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့ အစီရင်ခံစာနှင့် နိုင်ငံတော်အစိုးရ၏ အစီရင်ခံစာဟူ၍ အစီရင်ခံစာ နှစ်စောင်ကို ရေးသားပြုစုထားပြီးဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အပြီးသတ် အစည်းအဝေးကို ပုံမှန်အားဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရှိရာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့သို့ သွားရောက်ကျင်းပ ရမည်ဖြစ်သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် သွားရောက်နိုင်ခြင်း မရှိသဖြင့် Virtual Meeting အဖြစ် ကျင်းပရမည် ဖြစ်ပါကြောင်း

နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ အချက်အလက်များအပြင် အဓိကအားဖြင့် ကုန်သွယ်မှုနှင့် ဆက်စပ်သောမူဝါဒများကို ဆန်းစစ်လေ့လာခြင်း ဖြစ်ရာ အလွန်အရေးကြီးသော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါကြောင်း၊ အပြီးသတ်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝန်ကြီး ဌာနအောက်ရှိဌာနများနှင့် တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အစည်းအဝေးပြီးဆုံးပြီးနောက် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှု မူဝါဒ ဆန်းစစ်ခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အစီရင်ခံစာနှင့် ထွက်ပေါ်လာသော ရလဒ်များကို အစိုးရဌာနအဖွဲ့အစည်းများအပြင် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန် သိရှိနိုင်စေရေးအတွက် သတင်းမီဒီယာများနှင့် ချိတ်ဆက် သတင်း ထုတ်ပြန်ခြင်း၊ ဆောင်းပါးများ ရေးသားခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊  ရလဒ်ကောင်းများ ဆက်လက်ရရှိနိုင်ရေး အတွက် လိုအပ်သည်များကို လုပ်ငန်းစီမံချက်နှင့်အညီ အသေးစိတ် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထူးက ယခုကျင်းပမည့် အစည်းအဝေးသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ Universal Periodic Review – UPR တတိယအကျော့ အစီရင်ခံစာသုံးသပ်သည့် အစည်းအဝေးနှင့် သဘောတရားတူညီ ပါကြောင်း၊ မြန်မာနိုင်ငံကိုယ်စားပြုဆောင်ရွက်ရမည့် အစည်းအဝေးဖြစ်၍ အလေးအနက်ထား ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အစည်းအဝေး ကာလအတွင်း အင်တာနက်များ ကောင်းမွန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ နေပြည်တော်နှင့် ရန်ကုန်တို့မှ Online ဖြင့် တက်ရောက်မည့် ကိုယ်စားလှယ်များအကြား အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေးနှင့် ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးနှင့်လည်း အနီးကပ်ချိတ်ဆက် ဆောင်ရွက်သွားနိုင်ရန် အချက် များနှင့် ပတ်သက်၍ ဆွေးနွေးမှာကြားသည်။ 

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် သက်ဆိုင်သည့်ကိစ္စရပ်များဖြစ်သည့် အစီရင်ခံစာများ ဖြန့်ဝေထားရှိမှု အခြေအနေ၊ အဖွဲ့ဝင်များထံမှ မေးခွန်များလက်ခံရရှိမှု အခြေအနေ၊ WTO အတွင်းရေးမှူးရုံးနှင့် ချိတ်ဆက် လျက်ရှိသည့်အခြေအနေ၊ အခမ်းအနားပြင်ဆင်ရေးနှင့် ပြန်ကြားရေး၊ အင်တာနက်နှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များ၊ ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၇ ရက်တို့တွင် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ Interprefy Platform အသုံးပြု၍ ကျင်းပမည်ဖြစ်ပြီး အဆိုပါ Virtual Meeting သို့ နေပြည်တော် အခြေပြု ဆက်စပ် ဌာနအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များက ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ Kempinski ဟိုတယ်တွင် တစ်စုတစ်စည်း တည်းဖြင့်လည်းကောင်း ရန်ကုန်ရှိ ကိုယ်စားလှယ်များက Account Access များဖြင့်လည်းကောင်း ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအစည်းအဝေးသို့ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များလည်း ပါဝင် တက်ရောက်သွား မည်ဖြစ်ရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အောက်ရှိ Trade Policy Review Body – TPRB ၏ ဥက္ကဋ္ဌ အိုက်စလန်နိုင်ငံ သံအမတ်ကြီး  Mr. Harald ASPELUND က ယင်းအစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အပြီးသတ်အစီရင်ခံသည့် အစည်းအဝေးအတွက် အဓိက ဆွေးနွေး သုံးသပ်တင်ပြသူ (Discussant) အဖြစ် ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. Kirsti KAUPPI က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများသည် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကို မဖြစ်မနေ လိုက်ပါဆောင်ရွက်ရမည်ဖြစ်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံး အဖွဲ့ဝင်နိုင်ငံများက ခုနှစ်နှစ်လျှင် တစ်ကြိမ်ဆောင်ရွက်ရသည်။ မြန်မာနိုင်ငံ၏ ပထမအကြိမ် ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကို ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး၊ ဒုတိယအကြိမ်ကို မူလက ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ရုံးချုပ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့က သွားရောက်ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၇ ရက်တို့တွင် Virtual Meeting အဖြစ် အခြားသော အဖွဲ့ဝင် နိုင်ငံများနည်းတူ လိုက်ပါပြောင်းလဲ ပြုလုပ်ခြင်းဖြစ်သည်။

အစည်းအ‌ဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)