Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ e-ID စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်း စီမံကိန်းလုပ်ငန်း ဆောင်ရွက်ချက်များ ရှင်းလင်းခြင်းအခမ်းအနားတက်ရောက်

နေပြည်တော် ဇန်နဝါရီ ၂၆

e-ID စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်း စီမံကိန်းလုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံ၏ e-Government စနစ်၏ အခြေခံကျသည့်လုပ်ငန်းဖြစ်သည့် e-ID စနစ်လုပ်ငန်း အကောင်အထည် ဖော်‌ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်နေပါကြောင်း၊ ယင်းလုပ်ငန်းသည် ကြီးမားကျယ်ပြန့်ပြီး မိမိတို့ဌာန အနေဖြင့် အတွေ့အကြုံနည်းပါး သေးသည့်အတွက် ဝန်ကြီးဌာနအားလုံး ပူးပေါင်းပါဝင်မှု၊ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များဖြင့် အားလုံး ပေါင်းစပ်ဆောင်ရွက် လုပ်ဆောင်ခဲ့ပါကြောင်း။

မိမိတို့ဝန်ကြီးဌာနသည် ပြီးခဲ့သည့် (၄) နှစ်ကျော်ကတည်း ကပင် e-ID စနစ်ကို စတင် လေ့လာ ခြင်း၊ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ IT ကုမ္ပဏီများမှ လာရောက်ရှင်းလင်း ဆွေးနွေး ခြင်းနှင့် e-ID ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက် ခဲ့ပါကြောင်း၊ e-ID စနစ် လုပ်ငန်းကော်မတီ၏ လက်အောက်တွင်လည်း လုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော်ဆောင်မည့် ဆပ်ကော်မတီ အသီးသီးကိုလည်း e-Government ဦးဆောင်ကော်မတီသို့ တင်ပြအတည်ပြုချက် ရယူဖွဲ့စည်းဆောင်ရွက်ခဲ့ ပါကြောင်း၊ ယင်းလုပ်ငန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်အစိုးရ၊ လွှတ်တော်အဆင့်ဆင့်သို့ တင်ပြ ရှင်းလင်းပြီး e-ID စနစ်နှင့်ပတ် သက်သည့် ဥပဒေပြင်ဆင်ရေးကိုလည်း သက်ဆိုင်ရာဌာနများသို့ တင်ပြဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ကော်မတီအဆင့်ဆင့်တွင် ပါဝင်၍ လုပ်ငန်းဆိုင်ရာများကိုလည်း ရှင်းလင်းချပြပြီးဖြစ်ပါကြောင်း၊ ပြည်သူများကိုလည်း e-ID စနစ်နှင့် ပတ်သက်သည်များကို မီဒီယာများမှတစ်ဆင့် အသိပေးဆောင်ရွက်ထားပြီး ဖြစ်ပါ ကြောင်း။

လုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရေးအတွက် နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ရာ အိန္ဒိယနိုင်ငံ အစိုးရမှ တာဝန်ပေးထားသည့် ပညာရှင်က နည်းပညာဆိုင်ရာအကြံဉာဏ်များကို online မှ အကူအညီပေး လျက်ရှိပါကြောင်း၊ ယခုအခါ e-ID စနစ်လုပ်ငန်းကို နိုင်ငံဘတ် ဂျက်ဖြင့် ခွဲဝေချထားဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအား သတ်မှတ်စည်းမျဉ်း စည်းကမ်း လုပ်ငန်း စဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဖွဲ့စည်းထားသည့် ဆပ်ကော်မတီ အသီးသီးသည်လည်း လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားကြရန်နှင့် တာဝန်ရှိသူများက တစ်ဦးချင်း တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဆောင်ရွက်ထားပြီးဖြစ်သည့် လုပ်ငန်းများ၏ မှတ်တမ်း မှတ်ရာများကိုလည်း စနစ်တကျ မှတ်တမ်းထားရှိ ဆောင်ရွက်ကြလိုပါကြောင်း၊ လုပ်ငန်းစဉ် အဆင့်တိုင်း လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရေး၊ လုပ်ငန်း ဆောင်ရွက်ချက်များကို အချိန်နှင့် တပြေးညီ တင်ပြဆောင်ရွက်ကြရေးအတွက် အလေးထား ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းတစ်ရပ် ဖြစ်သည်နှင့်အညီ ပြည်သူ့အတွက် ထိရောက်သောဝန်ဆောင်မှုပေးနိုင်သည့် လုပ်ငန်းတစ်ခု ဖြစ်သည့်အတွက် တက်ညီလက်ညီ ဝိုင်းဝန်း ဆောင်ရွက်ကြရန်နှင့် မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ပွင့်ပွင့် လင်းလင်း တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် တာဝန်ရှိ သူများက e-ID စနစ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆပ်ကော်မတီ အလိုက် အကောင်အထည်‌ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံနိုင်သည့် အခက်အခဲ များနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည်နှင့်အညီ အခြားသောဆက်စပ်ဥပဒေများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သည့် e-ID ဆိုင်ရာ ဥပဒေတစ်ရပ် ရေးဆွဲနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန်နှင့် လုပ်ငန်းများ အရှိန်အဟုန်မပျက် တိုးတက်အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး အမြဲတမ်း အတွင်းဝန် ဦးအေးလွင်e-ID စနစ်လုပ်ငန်း ကော်မတီဝင်များဖြစ်ကြသည့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တက်ရောက်ကြသည်။

(သတင်းစဉ်)