Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရှေးဟောင်းပျူခေတ်လက်ရာ ရွှေအဆင် တန်ဆာများ နိုင်ငံတော်သို့ အပ်နှံခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

မုံရွာ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး  ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ယနေ့ နံနက် (၁၀)နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ရှေးဟောင်းပျူခေတ်လက်ရာ ရွှေအဆင် တန်ဆာများ နိုင်ငံတော်သို့ အပ်နှံခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ သည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီ ဦက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ ကျောင်းဖြူကျေးရွာသည် မြောင်မြို့နယ်အတွင်း တည်ရှိနေပြီး ရှေးယခင်က ထင်ရှားခဲ့သော ကျန်းစစ်သားမင်းကြီး၏ မွေးဖွားရာ ဇာတိမြေဖြစ်သည့် ပရိမ္မရွာ၊ ယောမင်းကြီး ဦးဖိုးလှိုင် မွေးဖွားရာ ဇာတိမြေဖြစ်သည့် ရွာပုလဲကျေးရွာနှင့် ကျမ်းပြုအကျော်အမော် သင်္ဂဇာဆရာတော် မွေးဖွားရာဇာတိမြေ ပေါက်ချောင်းကျေးရွာတို့နှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ ထို့အပြင် မြင်းမူမြို့နယ်အတွင်းရှိ ပျူမြို့ဟောင်းတစ်မြို့ဖြစ်သည့် အလ္လကပ္ပမြို့ဟောင်းတို့နှင့် နယ်နိမိတ်ခြင်း ဆက်စပ် လျက်ရှိသည့်အတွက် ရှေးနှစ်ပေါင်း များစွာကတည်းကပင် ရေကြောင်းကို အသုံးပြု၍ ကူးသန်းသွားလာ ရောင်းဝယ်မှုမှ အကြောင်းအမျိုးမျိုးကြောင့် အဆိုပါနေရာတွင် ပျူခေတ်လက်ရာ ရွှေထည်ပစ္စည်း  တွေ့ရှိရခြင်းဖြစ်သည်ဟု ယူဆရပါကြောင်း၊ ယနေ့အခမ်း အနားတွင် စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောင်းဖြူကျေးရွာ ဒေသခံတို့မှ ရွာ၏အနောက်ဘက် ပေ(၁၀၀၀)ခန့်အကွာ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျ သည့်နေရာမှ ၂၀၂၀ ပြည်နှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့က တွေ့ရှိခဲ့သည့် ရှေးဟောင်း ရွှေထည် ပစ္စည်းအပါအဝင် ရွှေထည်ပစ္စည်း(၆)မျိုးနှင့် ကြေးဟင်္သာအလေး(၁)ခုတို့အား မြောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီသို့ အပ်နှံခဲ့ရာမှတစ်ဆင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ပေးပို့အပ်နှံခဲ့သဖြင့် ပစ္စည်းတွေ့ရှိသူ ဒေသခံများအတွက် ပစ္စည်းတစ်ခုချင်းစီ၏ ကာလပေါက်ဈေး ရွှေဈေးနှုန်းနှင့် တွက်ချက်၍ ကြိုတင်ချီးမြှင့်ငွေကျပ် (၅၁၀၀၀၀၀) ကိုလည်းကောင်း၊ အဆိုပါနေရာမှ ဒေသခံ(၅)ဦးတို့ တွေ့ရှိရသည့် ရှေးဟောင်းရွှေထည်ပစ္စည်း (၅) မျိုးနှင့် ဟင်္သာလေး (၁) ခုတို့ကို (၁၈.၁၂.၂၀၂၀) ရက်နေ့တွင် ထပ်မံအပ်နှံခဲ့ရာ ကြိုတင် ဆုကြေးငွေကျပ် (၄၄၈၀၀၀၀) ကို လည်းကောင်း၊ ထပ်မံ၍ ရှေးဟောင်းရွှေထည် အဆင်တန်ဆာပစ္စည်း (၃)ခုအား (၂၁.၁၂.၂၀၂၀) ရက်နေ့တွင် လာရောက်အပ်နှံခဲ့သဖြင့် ကြိုတင်ချီးမြှင့်ငွေ (၄၁၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းငွေကျပ်(၁၃၆၈၀၀၀၀)ကို ပေးအပ် ခဲ့ပြီးဖြစ်ပါကြောင်း။

အဆိုပါ ရှေးဟောင်းဝတ္ထုပစ္စည်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန နေပြည်တော် သို့ စစ်ကိုင်းဌာနခွဲမှတစ်ဆင့် (၂၉.၁၂.၂၀၂၀)ရက်နေ့တွင် ဆုကြေးငွေချီးမြှင့်နိုင်ရန်အတွက် လွှဲပြောင်းပေးပို့ခဲ့ရာ ပညာရှင်အဖွဲ့က ပစ္စည်းအမျိုးအစားနှင့် ခေတ်ကာလ သတ်မှတ်ချက်တို့ကို စစ်ဆေးပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ ပေးပို့၍ ရွှေအရည်အသွေးနှင့် အလေးချိန်တို့ကို စစ်ဆေးပြီးနောက် မူလရွှေထည်တန်ဖိုးအပြင် ခေတ်ကာလ တန်ဖိုးနှင့် အနုစိပ်လက်ရာတန်ဖိုးတို့ကို ထပ်ဆောင်း၍ ဆုကြေးငွေကျပ် (၃၄၉၃၆၈၆၁) ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦး စီးဌာနက ထိုက်တန်စွာ ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပါကြောင်းနှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြေးဟင်္သာအလေး(၁)ခုနှင့် ကြေးတိုးနယားအလေး (၁) ခု ရရှိသူနှစ်ဦးအားလည်း တစ်သိန်းစီဖြင့် ငွေကျပ်(၂၀၀၀၀၀)ကို ချီးမြှင့်ပေးအပ်နိုင်ခဲ့ပါကြောင်း။

မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ တရားမဝင် ရောင်းဝယ် ဖောက်ကားမှု မရှိစေရန်နှင့် နိုင်ငံတော်သို့ လွှဲပြောင်းပေးအပ်ပြီး ထိုက်တန်စွာ ဆုကြေးငွေ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ချက်များမှာ အရာတော်မြို့နယ် ဝါးရောင်းကျေးရွာနေ ဒေသခံတစ်ဦးမှ ရှေးဟောင်းရွှေထည်ပစ္စည်း အပ်နှံခဲ့ခြင်းအတွက် ဂုဏ်ပြုဆုကြေးငွေကျပ် (၄၄၃၀၆၉၂) နှင့် ဘုတလင်မြို့နယ် တွင်းတော်ကျေးရွာနေ ဒေသခံတစ်ဦးမှ ကြေးခေတ် ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းအတွက် ဂုဏ်ပြုဆုကြေးငွေကျပ် (၂၃၁၆၂၀) ကို (၇.၉.၂၀၁၇) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ လည်းကောင်း၊ ဝန်းသိုမြို့နယ် မိုင်းသုန်ကျေးရွာနေ ဒေသခံများမှ ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်း အတွက် ဂုဏ်ပြုဆုကြေးငွေကျပ် (၃၈၄၈၄၉၇)ကို (၂၀.၂.၂၀၁၉)ရက်နေ့က စစ်ကိုင်းဌာနခွဲရုံး၌ လည်းကောင်း၊ ဝန်းသိုမြို့နယ် ဩဂကျေးရွာ ဒေသခံတစ်ဦးမှ ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းအတွက် ဂုဏ်ပြုဆုကြေးငွေကျပ် (၁၄၂၀၄၄၈)ကို   စစ်ကိုင်းဌာနခွဲရုံး၌ လည်းကောင်း၊ ကနီမြို့နယ် ပါဟဲ(မြောက်)ကျေးရွာနေ ဒေသခံ(၆)ဦးမှ ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းအတွက် ဂုဏ်ပြုဆုကြေး ငွေကျပ်(၉၉၇၄၇၉)နှင့် ဝက်လက်မြို့နယ် ဟန်လင်းကျေးရွာ ဒေသခံတို့ အပ်နှံသည့် ပျူခေတ် ရွှေစေတီနှင့် ဆက်စပ်ရှေး ဟောင်းဝတ္ထုပစ္စည်း အပ်နှံခြင်းအတွက် ဂုဏ်ပြုဆုကြေးငွေကျပ် (၁၁၉၀၂၉၇၀)ကို(၁၄.၁၀.၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၌လည်းကောင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသည် နိုင်ငံအနှံ့အပြားရှိ ရှေးဟောင်းဝတ္ထုပစ္စည်းများကို ရှေးဟောင်း ဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဉပဒေ၊ နည်းဉပဒေများနှင့်အညီ ကာကွယ်စုဆောင်းထိန်းသိမ်း လျက်ရှိရာ ပြည်သူလူထု၏ ပူးပေါင်းကူညီ ဆောင်ရွက်မှုမှာ အရေးကြီးဆုံးကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးသည် နယ်မြေဧရိယာကျယ်ဝန်းသည်နှင့်အမျှ သမိုင်းတွင် ခေတ်အဆက်ဆက် ထွန်းကားခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝစွာ တွေ့မြင်ရသည့်ဒေသတစ်ခုဖြစ်ရာ တရားမဝင် တူးဖော်မှုများပြုလုပ်၍ ရှေးဟောင်ဝတ္ထုပစ္စည်း မှောင်ခိုရောင်းဝယ်သူများ လက်ထဲသို့ ရောင်းချမှုများ မရှိစေရန် ပြည်သူများအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း ပေးစေလိုပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း များစွာ ဝမ်းမြောက်ဂုဏ် ယူပါကြောင်း၊ မိမိတို့ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ဒေသခံများက တာဝန်သိစိတ်ဖြင့် အပ်နှံခဲ့သဖြင့် နိုင်ငံတော်၏ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ကွင်းဆက်များ အတွက် များစွာတန်ဖိုးကြီးမားသည့်အပြင် ဒေသခံများ၏ အသိပညာမြင့်မား စွာဖြင့် မိမိဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းမြတ်နိုးတန်ဖိုးထား သည့် ပြယုဂ်တစ် ခုလည်း ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကို တာဝန်သိစိတ်ဖြင့် ဆက်လက်၍လည်း ဝိုင်းဝန်းကူညီ ထိန်းသိမ်းပေးစေလိုပါ ကြောင်းနှင့် ဒေသခံများ ဆုကြေး ငွေချီးမြှင့်ပေးပါသော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူး တင်ပါ ကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က မြောင်မြို့နယ်မှ  ဒေသခံ(၁၃)ဦးမှ ရှေးဟောင်းပျူခေတ်လက်ရာ ရွှေအဆင်တန်ဆာများအား နိုင်ငံတော်သို့ အပ်နှံခြင်း အတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ပြီး နိုင်ငံတော်သို့ ရှေးဟောင်းပျူခေတ်လက်ရာ ရွှေအဆင် တန်ဆာများ အပ်နှံသူများကိုယ်စား ကျေးရွာသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(တိုင်းဒေသကြီး ပြန်/ဆက်)