Skip to main content

တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၁)ကျင်းပပြုလုပ်

ပုသိမ် ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွှားမှု လျော့နည်း ပပျောက်စေရေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများအား အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၁)ကို ယမန်နေ့က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ကော်မတီဝင်များ ဖြစ်ကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းထွန်းအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးနေဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားရာ "ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ ဒုတိယလူဦးရေ အများဆုံးဖြစ်ကြောင်း၊ ယခု ကပ်ရောဂါကာလတွင် လုံခြုံရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးဌာနတို့ လက်တွဲညီညီ ဆောင်ရွက်ခဲ့ကြသည့်အတွက် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများကို အတိုင်းအတာ တစ်ခုထိ ကျော်လွှား နိုင်ခဲ့ကြကြောင်း၊ အခြားကဏ္ဍများတွင်လည်း ယခုကဲ့သို့ စည်းလုံးညီညွှတ်စွာဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနိုင်မည့် အခြေအနေများကို စနစ်တကျ စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံသည့်အခါတွင်လည်း လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် ရောဂါပြန့်ပွားမှုကိုလည်း ဆက်လက် ထိန်းချုပ်သွားရန် လိုအပ်ကြောင်း" အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်စွာလှိုင်က ယခင်နေ့ အစည်းအဝေး မှတ်တမ်းအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကော်မတီ၏ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တိုင်းဒေသကြီးအတွင်း မြို့ဝင်/ထွက် စစ်ဆေးရေး ဂိတ်များ ကြီးကြပ်မှု အားကောင်းစေရေး ဆောင်ရွက်ထားရှိမှုများနှင့် စျေးရောင်းချသူ၊ စျေးဝယ်သူနှင့် ကြီးကြပ်သူတို့ လိုက်နာရမည့် အချက်များကို ရှင်းလင်း တင်ပြဆွေးနွေးပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်က တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေများနှင့် ဆေးကုသမှု ခံယူနေသည့် လူနာများ၏ အခြေအနေများ၊ ကာကွယ်ဆေး ထိုးနှံမည့် အစီအစဉ်များ နှင့်ပတ်သက်၍ တိုင်းအဆင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လုပ်ငန်းကော်မတီ (လျာထား)ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းသွင်းခြင်းနှင့် ဆေးထိုးရန်အကျုံးဝင်သူ လျာထားစာရင်းထုတ်ပြန်ခြင်း၊ ဆေးမထိုးမီ ကျန်းမာရေး စစ်ဆေးခြင်း၊ လူစုလူဝေးထိန်းချုပ်ခြင်း၊ အသုံးပြုပြီး ဆေးပစ္စည်းများ စွန့်ပစ်ဖျက်ဆီးခြင်းအတွက် စနစ်တကျ စီစဉ်ဆောင်ရွက် ထားရှိမှုများအား Power  Point ဖြင့်ရှင်းလင်းတင်ပြ ဆွေးနွေးသည်။

မောင်မောင်မြင့်(ပြန်/ဆက်)