မြစ်ကြီးနား ဇန်နဝါရီ ၂၃
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်း လူနေအိမ်အဖြစ် အသုံးပြုရန် ခွင့်ပြုမထားသော မြေနေရာများ ဆက်လက်ဆောင်ရွက်မှုမရှိစေရေးနှင့် ဗလမင်းထင်အမှတ် (၂) တံတားအသစ်တည်ဆောက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။
ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ ပြည်နယ်တရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ပြည်နယ် တရားလွှတ်တော်တရားသူကြီး ဦးတူးဂျာ ဦးဆောင်သော ပြည်နယ်တရားသူကြီးများ၊ ပြည်နယ် တရားရေးအရာရှိများနှင့်တွေ့ဆုံပြီး ပြည်နယ်တရားလွှတ်တော်ရုံးသစ်အဆောက်အဦ ၂၄၀ ပေပတ်လည် တည်ဆောက်သွားနိုင်ရေး မြေနေရာလိုအပ်ချက်နှင့် ပတ်သက်၍ တင်ပြမှုကို ပြည်နယ် ဝန်ကြီးချုပ်က အဆောက်အဦသစ် ဆောက်လုပ်နိုင်ရေးနှင့် မြေနေရာလိုအပ်ချက်အပေါ် ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဝန်ကြီးဌာနများနှင့် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ပေးခဲ့ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ မြစ်ဖျားဧရာ ကားကြီးကွင်းအနီး မြေကွက်လပ်နှင့် စီတာပူရပ်ကွက်၊ စက်မှုဇုန်အပိုင်းအတွင်း လူနေအိမ်အဖြစ် အသုံးပြုရန် ခွင့်ပြုမထားသော မြေကွက်နေရာတွင် နေအိမ်ဆောက်လုပ်ရန် မြေကွက်ဖော်ဆောင် ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ခွင့်ပြုမထားသော မြေနေရာများဖြစ်သဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ရှင်းလင်းဆောင်ရွက်ရေး မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများအား မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့ ဆက်သွယ်ထားသော မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းမပေါ်ရှိ ဧရာဝတီမြစ်ကူးတံတား ဗလမင်းထင် အမှတ်(၂) တံတားသစ်တည်ဆောက်သွားမည့် လုပ်ငန်းနှင့်ပတ်သက်၍ မြစ်ကြီးနားမြို့ဘက်ခြမ်းနှင့် ဝိုင်းမော်ဘက် ခြမ်းတို့တွင် တံတားသစ်တည်ဆောက်သွားမည့်အခြေအနေကို တံတားအထူးအဖွဲ့ (၁)မှ တာဝန်ရှိသူများ လိုက်လံရှင်းလင်းပြသမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)