သံတောင်ကြီး ဇန်နဝါရီ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် တည်ဆောက်ခဲ့သော အစိုးရနည်းပညာ အထက်တန်းကျောင်းဆောက်လုပ်ပြီးစီးမှုအား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် နှင့်လူမှုရေး ဝန်ကြီးဦးဘိုဘိုဝေမောင် ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့ညနေ(၄)နာရီအချိန်ခန့်က သံတောင်ကြီးမြို့ရှိအစိုးရနည်းပညာအထက်တန်းကျောင်းဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုရာတွင် ပြည်နယ်ဝန်ကြီးချုပ်က အစိုးရနည်းပညာအထက်တန်းကျောင်းအား တာဝန်ယူဆောက်လုပ်ပေးသည့် Kyaw Maw Group ဆောက်လုပ်ရေးကုမ္ပဏီနှင့် အရှေ့အာရှတံခွန် ဆောက်လုပ်ရေး ကုမ္ပဏီတာဝန်ရှိသူများ နှင့်တွေ့ဆုံကာ လိုအပ်လျက်ရှိသည့် မြေထိန်းနံရံဆောင်ရွက်မှုများကို တာဝန်ရှိသူများ နှင့် ညှိနှိုင်းဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။
အစိုးရနည်းပညာအထက်တန်းကျောင်းသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ၏ ခွင့်ပြုရန်ပုံငွေဖြင့် ကရင်ပြည်နယ်တွင် ဒုတိယမြောက်တည်ဆောက်ပေးခဲ့သော အစိုးရနည်းပညာအထက် တန်းကျောင်းဖြစ်ပြီး Kyaw Maw Groupဆောက်လုပ်ရေးကုမ္ပဏီက အလျား ၁၉၂ ပေ၊ အနံ ၃၈ ပေ သုံးထပ်စာသင်ဆောင်တစ်လုံး၊ အလျား ၁၅၀ ပေ၊ အနံ ၇၅ ပေအလုပ်ရုံတစ်လုံး၊ အရှေ့အာရှတံခွန်ဆောက် လုပ်ရေးကုမ္ပဏီက အလျား ၇၈ ပေ၊ အနံ ၉၄ ပေ လေးထပ်တစ်လုံး၊ အလျား ၁၅၀ ပေ၊ အနံ ၇၅ ပေ အလုပ်ရုံ တစ်လုံးတို့ကို တာဝန်ယူဆောက်လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစိုးရနည်းပညာအထက်တန်းကျောင်းကို လာမည့်ပညာသင်နှစ်တွင် ဖွင့်လှစ်သွားမည်ဖြစ် ပြီး သင်ကြားမည့်ဘာသာရပ်များမှာ ဆောက်လုပ်ရေးနည်းပညာသင်တန်း၊ လျှပ်စစ်ဆက်သွယ်ရေးနည်းပညာ သင်တန်း၊ လျှပ်စစ်စွမ်းအင်နည်းပညာသင်တန်း၊ စက်ပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်ခြင်းနည်းပညာသင်တန်း၊ မော်တော်ယာဉ် နည်းပညာသင်တန်းများကို သင်ကြားပို့ချပေးမည်ဖြစ်ပြီး ဘာသာရပ်တစ်ခုတွင် ကျောင်းသား/ကျောင်းသူ(၄၀)ဦးဖြင့် စုစုပေါင်း ကျောင်းသူ/ကျောင်းသား ၂၀၀ ဦး တက်ရောက်သင်ကြားနိုင်မည်ဖြစ် ကြောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)မှ ကျောင်းအုပ်ဆရာမကြီးဒေါက်တာချိုယုမွန်ထံက သိရှိရသည်။
မြို့နယ်ပြန်/ဆက်