Skip to main content

ရန်ကုန်မြို့ ရထားလမ်းများ ရေရှည်တည်တံ့ကောင်းမွန်ပြီး သန့်ရှင်းသာယာစေရန်အတွက် စီမံချက်ရေးဆွဲပြီး ဆောင်ရွက်သွားမည်

ရန်ကုန်   ဇန်နဝါရီ   ၂၂

ရန်ကုန်မြို့ရှိ  ဘူတာရုံများနှင့် ရထားလမ်းများကို  ဂျပန်နိုင်ငံမှ JICA နှင့်  မြန်မာ့မီးရထား    တို့က  အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ရေရှည်ကောင်းမွန်စေရန်နှင့် ရထားလမ်းများ တစ်လျှောက်   သန့်ရှင်းသာယာရေးအတွက်  အသိပညာပေးလုပ်ငန်းများကို  နာမည်ကျော် ပုဂ္ဂိုလ်များနှင့်အတူ ပတ်ဝန်းကျင်နေ  ပြည်သူများနှင့် ရထားစီးခရီးသွားပြည်သူများ၊  ဌာနဆိုင်ရာများ ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် ကော်မတီဖွဲ့စည်းထားပြီး စီမံချက်ရေးဆွဲလျက်ရှိကြောင်း သိရသည်။

ရထားလမ်း  အဆင့်မြှင့်တင်ရေးကို  အရင်နဲ့မတူအောင် လုပ်နေတဲ့အချိန်မှာ ဂျပန် နိုင်ငံက  JICA ရဲ့ နည်းပညာအကြံပေးအဖွဲ့နဲ့ လုပ်ငန်းအရည်အသွေးပိုင်းကို သေချာစောင့်ကြည့် စစ်ဆေးပြီးတော့မှ  ရေရှည်တည်တံ့    ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်နေပါတယ်။ နောက်ပိုင်း ဘူတာ ရုံတွေကို  အဆင့်မြှင့်တင်ဖို့ လုပ်နေပါတယ်။ လက်ရှိ ကြုံတွေ့နေရတာကတော့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာပါ။ ကျွန်တော်တို့ မီးရထားကတော့ ရထားပေါ်ကကျတဲ့အမှိုက်နဲ့ ခရီးသည် တွေစွန့်ပစ်တဲ့  အမှိုက်တွေ၊ ရထားလမ်းဘေးက ဝန်ထမ်းအိမ်ရာတွေက အမှိုက်တွေကိုပဲ သိမ်းဖို့ တာဝန်ရှိတာ။ YCDC စည်ပင်သာယာကလည်း ရထားလမ်းဧရိယာထဲကို သူတို့ ကန့်သတ်ချက်အရ  ဝင်သိမ်းပေးဖို့က အခက်အခဲရှိနေတယ်။ အဓိက  လူနေထူထပ်တဲ့  ရပ်ကွက်နေရာတွေဖြစ်တဲ့   မြောက်ဥက္ကလာပ၊   လှိုင်၊     မရမ်းကုန်းနယ်မြေတွေမှာ ပိုဖြစ်ပါတယ်။ ဒါကြောင့် ရထားလမ်း စဉ်ဆက်မပြတ်    သန့်ရှင်းပြီး    ဘေးကင်းလုံခြုံဖို့  စီမံချက်ရေးနေပြီ။     အဲဒီစီမံချက်ကို   ကော်မတီက  အတည်ပြုပြီးရင်  လူထုအသိပညာပေးတာ  ဆောင်ရွက်မယ်။   ပြစ်ဒဏ်သတ်မှတ်ချက်တွေကို သိအောင် ပြောပြတာတွေလုပ်ဖို့   ရည်ရွယ်ထားတယ်။ အခုလည်း    ဘယ်နေရာတွေက   အမှိုက်ပစ်တာ များသလဲ၊ အဲဒီပတ်ဝန်းကျင်မှာ    အမှိုက်ကန်တွေ    ရှိမရှိ သုတေသန လုပ်နေပါတယ်။ စာရင်းတွေအကုန်ရလို့   အမှိုက်ပုံးလိုအပ်ရင်   YCDC နဲ့   ညှိနှိုင်းပြီး အမှိုက်ပုံးတွေ၊ အမှိုက်ကန်တွေ ချပေးသွားပါမယ်။ အမှိုက်အပြင်  သစ်ကိုင်းသစ်ချောင်းတွေ၊   မာတဲ့ အရာတွေပါ စွန့်ပစ်လာရင်   ရထားလမ်းလွှဲတဲ့အခါ    အန္တရာယ် ဖြစ်စေနိုင်ပါတယ်။  ရထားလမ်းပေါ်မှာ စွန်လွှတ်တာ၊   ကစားတာ၊   သောက်စားတာတွေ  မလုပ်ဖို့နဲ့  ကားလမ်းဖြတ်ကျော်တဲ့နေရာ ၂၅ ခုမှာ ဘေးကင်းလုံခြုံအောင်    အော်တို    ဂိတ်ဖွင့်/ပိတ် စနစ်တွေကို      ငွေကုန်ကြေးကျ     အများကြီးနဲ့  လုပ်ပြီးပါပြီ။   အဓိကကတော့    ပြည်သူတွေ     ပါဝင်ပေးဖို့ပါပဲ ဟု   မြန်မာ့မီးရထား   တိုင်းတာဝန်ခံရုံး၊    အမှတ်(၇) တိုင်း၊    ရန်ကုန်တိုင်းဒေသကြီးမှ   လက်ထောက်အထွေထွေမန်နေဂျာ   ဦးစိုးမိုးအောင် က  ပြောသည်။

မြန်မာ့မီးရထားက    နှစ်စဉ်    အမှိုက်သိမ်း ကန်ထရိုက်ကို တင်ဒါစနစ်ဖြင့် ရွေးချယ်၍ အမှိုက် သိမ်းစနစ် ဆောင်ရွက်ထားပြီး  ဘူတာရုံများတွင်  TOBU    ကုမ္ပဏီလီမိတက်က    ရထားဝန်ထမ်း  အငြိမ်းစားများကို      ခန့်ထားကာ    နေ့စဉ်အမှိုက်သိမ်းလုပ်ငန်း     ဆောင်ရွက်နေကြောင်း၊     ပြီးခဲ့သည့် နှစ်လကျော်မှစ၍ ရထားလမ်းတစ်လျှောက် အမှိုက်များ ရှင်းလင်းရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ    သန့်ရှင်းရေးဝန်ထမ်းများက    သုံးရက်ခြား တစ်ကြိမ်လှည့်လည်၍ သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 သန့်ဇင်ဝင်း