နေပြည်တော် ဇန်နဝါရီ ၂၂
အစွန်းရောက်ဝါဒတိုက်ဖျက်ရေး လက်နက်ကိရိယာတစ်ခုအဖြစ် အားကစား၏တန်ဖိုးများ အသုံးချရေးဆိုင်ရာ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ တွင် Virtual Meeting ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အားကစား ကဏ္ဍ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုကဏ္ဍ၊ အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးကဏ္ဍတို့တွင် အတွေ့အကြုံရှိကြသော တိုက်ကြီး ငါးတိုက်၊ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ လူငယ်ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအသီးသီးမှ National Focal Point များ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး၌ အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒကို ကာကွယ်တားဆီးရန် အားကစားကဏ္ဍ၏ တန်ဖိုးများ တိုးမြှင့်ပေးရန်နှင့် လူငယ်များ၏ အဓိပ္ပာယ်ပြည့်ဝသော၊ ခိုင်မာ သော ပူးပေါင်းဆောင်ရွက်မှု ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် National Focal Point Network နှင့် အကျိုးရှိရှိ ချိတ်ဆက်ဆောင်ရွက် နိုင်ရန်၊ သက်ဆိုင်ရာ အဖွဲ့အစည်းများကို ကိုယ်စားပြု၍ ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်များတွင် မူဘောင်အတွင်းမှ ချိတ်ဆက်ဆောင်ရွက်ရန်၊ လူငယ်များအနေဖြင့် ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်များ တွင် ထိရောက်မှုရှိစေရန်နှင့် ၎င်းတို့၏ ရေရှည်လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် တိုးတက်အောင်မြင်မှုရှိစေရန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးကို United Nations Office of Counter-Terrorism (UNOCT) United Nations Interregional Crime and Justice Research Institute (UNICRI)I United Nations Alliance of Civilizations (UNAOC) International Centre for Sport Security (ICSS) UN Counter Terrorism Committee Executive Directorate (CTED) နှင့် INTERPOL တို့မှ ဦးဆောင်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်