Skip to main content

ပလိပ်ဒေသရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ခရီးသွားများအတွက် ခရီးစဉ်ဒေသတစ်ခု ဖြစ်လာစေရန် ထိန်းသိမ်းဖော်ဆောင်ပေးစေလို

မန္တလေး    ဇန်နဝါရီ    ၂၂

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ပလိပ်ဒေသရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို  နိုင်ငံတကာခရီးသွားများ      စိတ်ဝင်တစားလာရောက် လေ့လာကြည့်ရှုသည့် ခရီးစဉ်ဒေသတစ်ခုအဖြစ် ဖြစ်ပေါ် လာစေရန် စနစ်တကျစီမံထိန်းသိမ်းဖော်ဆောင် ပေးစေလိုကြောင်း ပလိပ်မြို့ခံစာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာ မောင်ရဲနွေ(ပလိပ်)က ပြောသည်။ 

အဆိုပါ ပလိပ်ဒေသကို ပုဂံနှင့်အပြိုင်  စေတီပုထိုးများ ပေါများသည့်အတွက် မြို့မှာ ပုဂံ၊ ရွာမှာ ပုလိပ်ဟု  တင်စား  ခေါ်ဝေါ်ရသည်အထိ     ပုဂံခေတ်၊   ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ်နှင့်     ကိုလိုနီခေတ်လက်ရာများဖြစ်သော သာသနိကအဆောက်အအုံ၊ ဘုရားစေတီ၊  ဂူ၊  ကျောင်း၊  မြေပေါက်စေတီပုထိုး စုစုပေါင်း ၃၂၅ ဆူသည် ရှေးမှုမပျက် တည်ရှိနေခြင်းကြောင့်  ၂၀၀၈  ခုနှစ်မှစ၍  ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ်      သတ်မှတ်ထားခဲ့ကြောင်း သိရသည်။

ပလိပ်မှာ ယဉ်ကျေးမှုလက်ရာတွေရှိတယ်။ ဒေသခံတွေက တန်ဖိုးမထားတတ်ကြဘူး။ ပြင်သင့်တယ်ထင်ရင်  ပြင်လိုက်တယ်။ မူလရှေးဟောင်းလက်ရာကို ထိန်းသိမ်းရ ကောင်းမှန်းမသိကြဘူး။    စနစ်တကျ    မထိန်းသိမ်းရင် သမိုင်းဆိုင်ရာ အမွေအနှစ်တွေ ပျောက်ကွယ်သွားနိုင်ပါ တယ်။ မူလလက်ရာမထိခိုက်ဘဲ ဖုံးအုပ်နေတဲ့ ချုံနွယ်တွေ ရှင်းလင်းပြီး ပြုပြင်မွမ်းမံထားမယ်ဆိုရင် ဒီပလိပ်ဒေသဟာ ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လာမှာပါ ဟု ၎င်းက ဆက်လက်ပြောသည်။

ပလိပ်ဒေသသည်    ပြည်တွင်း၊   ပြည်ပခရီးသွား ဧည့်သည်များ  ဝင်ရောက်လေ့လာကြည့်ရှုရန် ရှေးဟောင်း စေတီပုထိုးများလည်း    များစွာရှိကြောင်း၊   ရှေးဟောင်း အမွေအနှစ်လက်ရာများ  အမြောက်အမြားရှိသော်လည်း  စနစ်တကျလေ့လာ ဖူးမြော်နိုင်ရန် လမ်းညွှန်များ  မရှိကြ သည့်အတွက် ပလိပ်မြွေဘုရားတစ်ခုတည်းသာ လာရောက် ဖူးမြော်လေ့လာသူများပြီး အဓိကအမွေအနှစ်လက်ရာများ  ရှိသည့်နေရာများကို    လာရောက်လေ့လာမှုမရှိကြောင်း၊  ခရီးသွားများသည် တံတားဦးလေယာဉ်ကွင်းမှ   ပလိပ်သို့  ဝင်ရောက်လေ့လာမှုများရှိသကဲ့သို့ မန္တလေးမှလာရောက်  လေ့လာဝင်ရောက်သူများလည်းရှိကြောင်း၊   ပလိပ်ဒေသသည် ဘုရားစေတီများအပြင် ရိုးရာရက်ကန်းလုပ်ငန်းများ၊ ပလိပ်အင်း ဆောင်းခိုငှက်များ လာရောက်ကြည့်ရှုရာဒေသ အဖြစ်လည်း  ခရီးသွားများအား  ဆွဲဆောင်နိုင်ကြောင်း၊ အဆိုပါ  ပလိပ်ဒေသကို  ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ပါက ဒေသခံများ၏ လူနေမှုဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ပလိပ်ဒေသရှိ ရှေးဟောင်းအမွေအနှစ်လက်ရာ စေတီ၊ ပုထိုး၊ ဂူ၊ ကျောင်းနှင့်  သာသနိကအဆောက်အအုံ များသည် လက်ရှိတွင်  သက်ဆိုင်ရာဌာနများ၏ ထိန်းသိမ်း စောင့်ရှောက်မှု    အပြည့်အဝမရရှိသည့်အပြင်     အနီးပတ်ဝန်းကျင်   နေထိုင်သူများ၏   အသိပညာဗဟုသုတ နည်းပါးကာ တန်ဖိုးထားတတ်မှုများ  နည်းပါးနေသည့်အတွက် ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)