နေပြည်တော် ဇန်နဝါရီ ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဂျပန်-မြန်မာအသင်း (Japan-Myanmar Association-JMA) တို့အကြား နယ်စပ်ဒေသ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လက်မှတ်ရေးထိုး
အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က အမှာစကားပြောကြားပြီး ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌ မစ္စတာ ဝါတာနာဘေး ဟိဒဲအိုက နားလည်မှုစာချွန်လွှာနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌ မစ္စတာ ဝါတာနာဘေး ဟိဒဲအို တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပြီး အပြန်အလှန် လဲလှယ်ကြသည်။
ဖန်တီးဖော်ဆောင်ပေးသွားမည်
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဂျပန်-မြန်မာအသင်း တို့သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်နှစ်တာကာလ အတွင်း စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၉၇ သန်းဖြင့် နယ်စပ်ဒေသ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသမှ တိုင်းရင်းသား များအား သက်ကြီးရွယ်အို စောင့်ရှောက်ရေးသင်တန်းများ ဖွင့်လှစ်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်