Skip to main content

ပတ်ဝန်းကျင်နှင့် သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၂၂

ပတ်ဝန်းကျင်နှင့် သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန          ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်းဟွာ၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီးနှင့် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့်တို့ တက်ရောက်ကြသည်။

ဆွေးနွေး

တွေ့ဆုံဆွေးနွေးရာတွင် အာရှဒေသသစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့နှင့် ပူးပေါင်းတည်ထောင်ဖွင့်လှစ်ထားသည့် မှော်ဘီမြို့ရှိ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ကော့မှူးမြို့နယ်အတွင်း ဒီရေတောစိုက်ခင်း စိုက်ပျိုးပြီးစီးမှုလုပ်ငန်းများ၊ ပထမအကြိမ် မဲခေါင်-ကိုရီးယား ခေါင်းဆောင်များထိပ်သီးအစည်း အဝေးမှ သဘောတူညီခဲ့သည့် မဲခေါင်-ကိုရီးယား ဇီဝမျိုးစုံမျိုးကွဲစင်တာအား မြန်မာနိုင်ငံ၌ တည်ထောင်ရန်နှင့်ပတ်သက်၍ နေပြည်တော်၌ ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ပူတာအိုမြို၌ ဖွင့်လှစ်ထားသည့် ခါကာဘိုရာဇီဝမျိုးစုံမျိုးကွဲသုတေသနစခန်း ဆိုင်ရာလုပ်ငန်းများ၊  မှော်ဘီမြို့ RETC အနီး ရုက္ခဗေဒယျာဉ်နှင့် သစ်မျိုးစုံဥယျာဉ် တည်ထောင်အကောင်အထည်ဖော်မည့် အခြေအနေများ၊ ပဲခူးရိုးမရှိ သစ်တောသစ်ပင်မျိုးစိတ် ၅၃ မျိုး၏ လက်စွဲစာအုပ်၊ မြန်မာ့ဆေးဘက်ဝင်အပင်မျိုးစိတ် ၁၀၀ ၏ လက်စွဲစာအုပ်များကို ကိုရီးယားနိုင်ငံ အမျိုးသားသစ်မျိုးစုံဥယျာဉ်နှင့် ပူးပေါင်းလျက် ပြုစုထုတ်ဝေမည့် အခြေအနေများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများအား လျှော့ချရန်နှင့် လိုက်လျောညီထွေ ဖြစ်စေရန် ပူးပေါင်းဆောင်ရွက်မည့် သဘောတူညီချက်အား လက်မှတ်ရေးထိုး အကောင်အထည်ဖော်မည့်  အစီအစဉ်များ၊  နှစ်နိုင်ငံအကြား  နှစ်စဉ်ကျင်းပလျက်ရှိသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဒုတိယဝန်ကြီးအဆင့်အစည်းအဝေးအား ယခုနှစ်တွင် ကျင်းပနိုင်ရေး အဆိုပြုချက်များ၊ ကိုရီးယား ရာသီဥတုပြောင်းလဲမှုစင်တာနှင့်ပူးပေါင်း၍ အပူပိုင်းဇုန်ဒေသရှိ ကျေးရွာ ၁၁၀၉ ရွာ၌ ထင်းလောင်စာသုံးစွဲမှုသက်သာသည့် စွမ်းအားမြှင့်မီးဖို ဖြန့်ဝေခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ သတ္တုကဏ္ဍ၌ ကိုရီးယားနိုင်ငံ ဘူမိသိပ္ပံနှင့် ဓာတ်သတ္တုသယံဇာတဆိုင်ရာဌာနနှင့် ဘူမိဗေလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနတို့ သုတေသနသဘောတူညီချက် လက်မှတ်ရေးထိုးလျက် ချင်းပြည်နယ်၌ ခရိုမိုက် သတ္တုရိုင်းသိုက်အရင်းအမြစ်ခန့်မှန်း တွက်ချက်မှု သုတေသနလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ မန္တလေးတိုင်းဒေသကြီး၌ လစ်သီယမ်တွင်းထွက်သုတေသန လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များနှင့် ရှားပါး၍တန်ဖိုးရှိသည့် သတ္တုအရင်းအမြစ်များ  သုတေသနပြုခန့်မှန်းနိုင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)