Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ပထမအကြိမ် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၂၂

မလေးရှားနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ပထမအကြိမ် အာဆီယံ ဒီဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့တွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက်သည်။

အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Tan Sri Dato’ Hj Muhyddin bin Yassin က တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အာဆီယံနိုင်ငံများအတွင်း ဒစ်ဂျစ်တယ်အီကိုစနစ်များ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရေး၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များ မြင့်မားလာစေရန် ပြုစုပျိုးထောင်နိုင်ရေး၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အစီအမံများ အားကောင်းလာနိုင်စေရေးနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များ၊ အထူးကိစ္စရပ် အနေဖြင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အခြားဆက်စပ်ကဏ္ဍများနှင့် ချောမွေ့စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေးအတွက် ပထမအကြိမ် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ခြင်း ကိစ္စရပ်တို့အပေါ် အခြားအာဆီယံဒီဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများနှင့်အတူ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံများမှ ဒီဂျစ်တယ် ဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် အာဆီယံ ဒီဂျစ်တယ်ကဏ္ဍဆိုင်ရာ  ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ အမေရိကန် ပြည်ထောင်စုတို့မှ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ အပြည်ပြည်ဆိုင်ရာကြေးနန်း ဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) မှ အထွေထွေအတွင်းရေးမှူးချုပ်၊ အာဆီယံစီးပွားရေးအသိုက်အဝန်းမှ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပထမအကြိမ် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို “ASEAN – a Digitally Connected Community” ခေါင်းစဉ်ဖြင့် မလေးရှားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၁ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့ပြီး  ဒီဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ပြောင်းလဲ တိုးတက်လာသည့် နည်းပညာဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်များ ဆွေးနွေးဖလှယ်ခြင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း work from home ပုံစံဖြင့် ဒီဂျစ်တယ်စီးပွားရေးများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းအား ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များ အပေါ်ဆွေးနွေးခြင်း၊ ဒီဂျစ်တယ် နည်းပညာ၏ ပိုမိုအရေးပါမှုအခြေအနေများနှင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအလွန် ကာလများအတွက် အဖွဲ့ဝင်နိုင်ငံများမှ ချမှတ်ဆောင်ရွက်လျက်ရှိသော အစီအစဉ်များကို ဆွေးနွေးခြင်း၊ ဒီဂျစ်တယ် နည်းပညာဆိုင်ရာ အသုံးပြုမှု မြင့်မားလာသည်နှင့်အမျှ ဆိုက်ဘာလုံခြုံရေးကိစ္စရပ်များ အရေးကြီးလာခြင်းတို့အပေါ် အမြင်များဖလှယ် ဆွေးနွေးခြင်း၊ အာဆီယံဒေသတွင်း ဒစ်ဂျစ် တယ်အသွင် ကူးပြောင်းမှုဖြင့် ဒီဂျစ်တယ်အသိုက်အဝန်း ဖော်ဆောင်ရေးအတွက် ASEAN Digital Masterplan 2025 – ADM 2025 အား အတည်ပြုထုတ်ပြန်ခြင်း၊ ၂၀၂၁ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးအတည်ပြု ထုတ်ပြန်ခြင်း၊ ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတ နိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ် ရေးအဖွဲ့ချုပ် (ITU) တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ်များအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ ပူထရာဂျာရာ ကြေညာစာတမ်း (Putrajaya Declaration) ထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

(သတင်းစဉ်)