Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့များအား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံ

နေပြည်တော်  ဇန်နဝါရီ  ၂၂

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့များအား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးတင်လတ်၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက Online မှ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး က ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ခရီးသွားလုပ်ငန်း အခြေအနေများအပေါ် သုံးသပ်ပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အစီအစဉ်များကို ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံ စိတ်ချရသည့် ခရီးစဉ်ဒေသအဖြစ် ယုံကြည်လက်ခံလာစေရန် ဆောင်ရွက်ထားရှိသည့် အစီအစဉ်များ၊ Health & Safety Protocol ကို promote လုပ်၍  Social Media, Google marketing, email marketing စသည့် Digital နည်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကာ Marketing နှင့် Promotion လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက ကိုဗစ်-၁၉ ကာလအလွန် ခရီးသွားလုပ်ငန်း ပြန်လည်စတင်လုပ်ကိုင်နိုင်ရေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြပြီး၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာ- ဥရောပ၊ မြန်မာ- အာဆီယံ၊ မြန်မာ- ဂျပန်၊ မြန်မာ- ကိုရီးယားနှင့် မြန်မာ- တရုတ် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများက ဦးတည်ဈေးကွက်များအလိုက် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမောင်မောင်ကျော် က နိုင်ငံတကာခရီးသွားပြပွဲများအတွက် Budget လျာထားချက်နှင့် နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်စတင်သည့်အခါ အဆင်သင့်ဖြစ်စေရေးအတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့များအနေဖြင့် ယခုအချိန်တည်းက ကြိုတင်ပြင်ဆင်ထားရှိရန် ဆွေးနွေးတင်ပြပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးတင်လတ်က ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့များက ဈေးကွက်အလိုက် ဆောင်ရွက်မည့် တင်ပြမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)