Skip to main content

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစာရင်းသို့ အလှူငွေများလှူဒါန်း

နေပြည်တော်  ဇန်နဝါရီ  ၂၂

ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေစာရင်းသို့ အလှူငွေများ လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် အလှူရှင်များက လှူဒါန်းရခြင်း ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေစီမံခန့်ခွဲမှု ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က ကျေးဇူးတင် ဂုဏ်ပြုစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများသည် အလှူရှင်များ ပေးအပ်လှူဒါန်းသည့် အလှူငွေများကို လက်ခံကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။

အခမ်းအနားသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များနှင့် ငွေကျပ်သိန်း ၁၀၀၀ အောက်နှင့် ငွေကျပ်သိန်း ၅၀၀ အထိ အလှူရှင်များ၊ ငွေကျပ်သိန်း ၅၀၀ အောက်နှင့် ငွေကျပ်သိန်း ၁၀၀ အထိ အလှူရှင်များ တက်ရောက်ကြသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်၌ မြန်မာကျပ်ငွေစာရင်းနှင့် နိုင်ငံခြားငွေစာရင်းများ ဖွင့်လှစ်၍ နိုင်ငံတော်မှ ငွေကျပ် တစ်ဘီလီယံကို လည်းကောင်း၊ အမေရိ ကန်ဒေါ်လာ သန်း ၂၅၀ ကိုလည်းကောင်း မတည်ထည့်ဝင်ခဲ့သည်။ ပြည်တွင်း/ ပြည်ပမှ အလှူရှင်များ၏ လှူဒါန်းငွေများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ စတင်လက်ခံခဲ့ရာ ဇန်နဝါရီ ၂၀ ရက်အထိ အလှူငွေရရှိမှု စုစုပေါင်းမှာ ငွေကျပ်  ၁၇,၇၈၁ ဒသမ ၃၃၇ သန်းနှင့် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၇၄၅ သန်း ဖြစ်သည်။ အလှူရှင် အမည်စာရင်းများကို နေ့စဉ်ထုတ်သတင်းစာများတွင် ကြေညာပေးလျက်ရှိပြီး ဆက်လက်၍ ပြည်တွင်း/ ပြည်ပ အလှူရှင်များက အလှူငွေများ နေ့စဉ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)