Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

နေပြည်တော်  ဇန်နဝါရီ  ၂၂

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ် အသုံးပြု၍ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသူ/သင်တန်းသား အရာထမ်းများ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က စည်းကြပ်ဆောင်ရွက်နေသည့် ၁၉၂၃ ခုနှစ်၊ အလုပ်သမားလျော်ကြေးအက်ဥပဒေ၊ နည်းဥပဒေ၊ ၁၉၄၈ ခုနှစ်၊ အလုပ်အကိုင်ဆိုင်ရာ စာရင်းစစ်တမ်းယူခြင်းအက်ဥပဒေ၊ ၁၉၅၉ခုနှစ်၊ အလုပ်ခန့်ထားမှု ကန့်သတ်ရေးအက်ဥပဒေ၊ နည်းဥပဒေ၊ ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ၊ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေ၊ နည်းဥပဒေ၊ ၂၀၁၃ ခုနှစ်၊ အနည်းဆုံး အခကြေးငွေ ဥပဒေ၊ နည်းဥပဒေနှင့် ၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေများကို အရာထမ်းများ ပိုမိုသိရှိနားလည်စေပြီး မွမ်းမံသင်တန်းများ ပြန်လည်သင်ကြားပို့ချပေးနိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း။

ဦးစီးဌာနများမှ စည်းကြပ်သည့် ဥပဒေများ၊ နည်းဥပဒေများအပြင် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ရုံးဖွင့်လှစ်ရခြင်းမရှိသေးသည့် မြို့နယ်များတွင် အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနက မြို့နယ်တာဝန်ခံများအနေဖြင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ အတွင်းရေးမှူး တာဝန်ယူဆောင်ရွက်ရပြီး ဌာနတစ်ခုတည်းက ဖြေရှင်း၍မရသည့် အလုပ်သမား အငြင်းပွားမှုကို ပေါင်းစပ်ညှိနှိုင်းရမှုများရှိသည့်အတွက် လုပ်ငန်းပူးပေါင်းဆောင်ရွက်ရသည့်ဌာနများ၏ ဥပဒေများ၊ နည်းဥပဒေများကိုလည်း သိရှိနားလည်ရန် လိုအပ်ပါကြောင်း။

ယခုဖွင့်လှစ်မည့် သင်တန်းတွင် အလုပ်သမားလျော်ကြေးငွေများ ရရှိအောင်ဆောင်ရွက်ပေးရမည့် နည်းလမ်းများ၊ အနည်းဆုံးအခကြေးငွေကို သတ်မှတ်ထားသည့်နှုန်းအတိုင်း ရရှိအောင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ EC စာချုပ်ချုပ်ဆိုခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများ အကြား ရရှိမည့် အကျိုးကျေးဇူးများ၊ စာရင်းအင်းအရေးပါမှုနှင့် လုပ်သားဆိုင်ရာစာရင်းအင်းများ ကောက်ယူမှုဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာစည်းမျဉ်းစည်းကမ်းများ၊ ငွေစာရင်းထိန်းသိမ်းရေး ဆိုင်ရာအချက်များ၊ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အလုပ်သမားအဖွဲ့အစည်း ဆိုင်ရာကိစ္စရပ်များ၊ အာဆီယံ အလုပ်သမားရေးရာနှင့် ILO ရေးရာကိစ္စရပ်များ၊ အလုပ်ခန့်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မိတ်ဖက်ဌာနများမှလည်း အလုပ်သမား ဥပဒေပါခံစားခွင့်များ ရရှိအောင် ဆောင်ရွက်ပေးရမည့် နည်းလမ်းများနှင့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးနည်းလမ်းများ ဆွေးနွေးပို့ချပေးမည် ဖြစ်ကြောင်းကို တွေ့ရှိရပါကြောင်း။

 အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွင်ရှိသည့် အရာထမ်းများအနေဖြင့် ယခုသင်တန်းက ဆွေးနွေးပို့ချမှုများကို လေ့လာမှတ်သားကာ လက်တွေ့မြေပြင်မှာ ကြုံတွေ့နေရသည့် အလုပ်ရှင်၊ အလုပ်သမားပြဿနာများ၊ အလုပ်သမားရေးရာကိစ္စရပ်များနှင့် နှိုင်းယှဉ်လေ့လာသုံးသပ်ပြီး လုပ်ငန်းများဆောင်ရွက်ပါက ပိုမိုကောင်းမွန်သည့် ရလာဒ်များရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ရှေ့ဆက်လက်၍ အလုပ်သမားရေးရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဖြေရှင်းနိုင်မှာဖြစ်ပြီး ထိရောက်ကောင်းမွန်သည့် အသိပညာပေးဆွေးနွေးမှုများ စဉ်ဆက်မပျက် ပြုလုပ်ဆောင်ရွက် သွားပါက အလုပ်ရှင်၊ အလုပ်သမားပြဿနာဖြစ်ပွားမှုများ လျော့နည်းစေလာမည်ဖြစ်ကာ တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင် အခြေအနေများကိုပေါ်ပေါက်လာပြီး အလုပ်ရှင်၊ အလုပ်သမားများနှင့် ဒေသအသီးသီးရှိ အစိုးရအဖွဲ့များ၏ ယုံကြည်ကိုးစားမှုကို ရရှိမည် ဖြစ်ပါကြောင်း။

အရာထမ်းများအနေဖြင့် နည်းပညာပြောင်းလဲတိုးတက်လာမှုကြောင့် လုပ်ငန်းကျွမ်းကျင်မှု ရှိရုံသာမက နည်းပညာများကိုအသုံးချပြီး အလုပ်သမားများကို အသိပညာများကို ဖြန့်ဝေပေးနိုင်ရန် စိန်ခေါ်မှုများကို ကြိုးစားရင်ဆိုင်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် ဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများကို လေ့လာ၍ ခေတ်စနစ်နှင့်အညီ အလုပ်သမားရေးရာ ပြဿနာများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ရမှာဖြစ်၍  သေချာသိရှိ နားလည်ထားနိုင်ရန် လိုအပ်သည့်အတွက် ဂရုတစိုက်လေ့လာသင်ယူ မှတ်သားကြရန် အထူးလိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆိုပါသင်တန်းကို Online မှ ရက်သတ္တပတ် ၂ ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)