Skip to main content

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (NCSA Center) တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော လူမှုအဝန်းအဝိုင်းအတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများ ဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၂၂

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)၊ မြန်မာနိုင်ငံ FAO-SLM စီမံကိန်းနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ အမျိုးသားအဆင့် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးဗဟိုဌာန (NCSA Center) တို့ ပူးပေါင်းကျင်းပသည့် တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော လူမှုအဝန်းအဝိုင်းအတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများဆိုင်ရာ စာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဒုတိယဝန်ကြီး ဦးလှကျော်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း၊ အမျိုးသား ပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ဌာနေကိုယ်စားလှယ် Mr. Franz-Eugen Arnold၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ရေဆင်းစိုက်ပျိုး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ အမျိုးသားအဆင့် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးဗဟိုဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် MONREC, GEF, တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲနှင့် စာတမ်းဖတ်ပွဲဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကားပြောကြားရာ၌  (၆၇ ဒဿမ ၃ ရာခိုင်နှုန်း) သော မြန်မာနိုင်ငံသားများ မှီတည်အသက်မွေးရာ ကဏ္ဍကြီးနှင့် နိုင်ငံတော် GDP ၏ (၂၂ ဒဿမ ၄ ရာခိုင်နှုန်း)၊ နိုင်ငံခြားဝင်ငွေရရှိမှု၏ (၁၉ ဒဿမ ၆ ရာခိုင်နှုန်း)ကို မြန်မာ့စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးဏ္ဍကပင် ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ အဆိုပါကဏ္ဍကြီး ရေရှည်ဖွံ့ဖြိုးစေရေး ကြုံတွေ့နေရသည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အဟန့်အတားများကို ကျော်လွှားနိုင်စေရန် Climate Change Adaptation, Mitigation ဆိုင်ရာမူဝါဒများ၊ အလေ့အကျင့်ကောင်းများကို ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက်ပါ ရည်မှန်းချက်တွင် သွင်းအားစု သုံးစွဲမှု အကျိုးရှိထိ ရောက်သော အလေ့အကျင့်ကောင်းများ၊ ကာဗွန်ထုတ်လုပ်မှု နည်းပါးသော အလေ့အကျင့် ကောင်းများ စသည်တို့ကို အားပေးကူညီ၍ လယ်ယာသားငါးနှင့် မွေးမြူရေးကဏ္ဍများတွင် ရာသီဥတုနှင့် လိုက်လျောညီထွေစွာ တုန့်ပြန် ဆောင်ရွက်ခြင်း Climate Smart Response၊ ရာသီဥတုနှင့်လိုက်လျောညီထွေသော ထုတ်လုပ်မှုများ Climate Smart Production ဖြစ်ပေါ်လာစေရေးကို ထည့်သွင်းအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူများ၊ မျိုးစေ့ထုတ် လယ်သမားများမှ အစပြု၍ ကြိတ်ခွဲပြုပြင်ရောင်းချ သူများနှင့် စိုက်ပျိုး စီးပွားရေး လုပ်ငန်းရှင်များအတွက် အရေးပေါ်အစီအမံကောင်းများကို ကိုဗစ်-၁၉ ထိခိုက်မှု လျော့ပါးသက်သာစေရေး စီမံချက်(CERP)နှင့်အတူ မြန်မာ့စီးပွားရေး ထိခိုက်မှုကို တွန်းလှန်လွန်မြောက်နိုင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP)တွင် ထည့်သွင်းရေးဆွဲပြီး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ မူဝါဒများ မဟာဗျူဟာများကို အခြေခံပြီး မိမိတို့နိုင်ငံအတွက် အမှန်တကယ် လိုအပ်နေသည့် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိစေမည့် တီထွင်ဆန်းသစ်သော နည်းလမ်းကောင်းများကို ယနေ့ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲနှင့် စာတမ်း ဖတ်ပွဲများက ဖော်ထုတ်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ဌာနေကိုယ်စားလှယ် Mr. Arnold Franz က ကျေးဇူးတင်စကား ပြောကြားပြီး  ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ် က ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသော လူမှုအဝန်းအဝိုင်းအတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများဆိုင်ရာ စာတမ်းဖတ်ပွဲ ပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ အခြေစိုက် တည်ထောင် ထားသော အမျိုးသားအဆင့် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးဗဟိုဌာနအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးအခြေအနေကို ထိန်းသိမ်းဆောင်ရွက်ရာတွင် ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေရန်နှင့် ပါဝင်ဆောင်ရွက်သူများ၏ စွမ်းရည်မြှင့်တင်နိုင်ရေး ရည်ရွယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့်စိုက်ပျိုးရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာနတို့ ပူး‌ပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။

ယနေ့ကျင်းပသော ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသော လူမှုအဝန်းအဝိုင်းအတွက် တီထွင်ဆန်းသစ် သည့် နည်းလမ်းများဆိုင်ရာ စာတမ်းဖတ်ပွဲ ပထမအပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာလှသန်း က လည်းကောင်း၊ ဒုတိယပိုင်းတွင် ဒေါက်တာသီဟ (Sustainable Forest Management Specialist) နှင့် Mr. Jitendra P. Jaiswal  (Climate Smart Agriculture Specialist) တို့က လည်းကောင်း အခမ်းအနား သဘာပတိများအဖြစ် ဆောင်ရွက် ခဲ့ကြပြီး စာတမ်းရှင်များက စာတမ်း ၁၀ စောင် ဖတ်ကြားတင်သွင်းခဲ့ကာ ၁၅၀ ခန့် ပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)