ပုသိမ် ဇန်နဝါရီလ ၂၂
ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ဆုံးဖြတ်ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ သတင်းရေးသား ထုတ်ပြန်ခဲ့မှုအပေါ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီတို့အား သက်ဆိုင်ရာ သတင်းထောက်(၂)ဦးမှ ပြန်လည်ရှင်းလင်း တောင်းပန်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သတင်းထောက် ဦးသက်ဆွေက သတင်းထောက်များ ကိုယ်စား ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ သတင်းထောက် ဦးရဲရင့်ထွန်းနှင့် သတင်းထောက်ပိုင်လေး (ခ)ဦးရဲမင်းတို့က သတင်းရေးသားခဲ့မှုများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း တောင်းပန် ခဲ့ကြသည်။
ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်က သတင်းထောက်အသီးသီး၏ ရှင်းလင်း တောင်းပန်မှုအပေါ် အသိအမှတ်ပြုကြောင်းနှင့် မှတ်တမ်းထားရှိပေးမည်ဖြစ်ကြောင်း ပြန်လည်လမ်းညွှန် မှာကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဝင်များ၊ သတင်းထောက် ဦးသက်ဆွေ၊ သတင်းထောက် ဦးရဲရင့်ထွန်း၊ သတင်းထောက်ပိုင် လေး(ခ)ဦးရဲမင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ သတင်း ထုတ်ပြန်ရေး အဖွဲ့များ၊ MRTV မှ သတင်းထောက်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သတင်းထောက်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်မြင့် (ပြန်/ဆက်)