Skip to main content

မန္တလေးခရိုင်အတွင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင် (၄၅၂၂၂)ပါးအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခေါက်ဆွဲခြောက်များ ဆက်ကပ်လှူဒါန်း

 

မန္တလေး ဇန်နဝါရီ ၂၂

မန္တလေးခရိုင်အတွင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင် (၄၅၂၂၂)ပါးအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခေါက် ဆွဲခြောက်များ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ၂နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အကွက်(၁၃)၊ ၁၂လမ်းနှင့်၁၄လမ်းကြား၊ ၆၂ လမ်းရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး)၊  မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မိုးကောင်းကျောင်းတိုက်၊ အလယ်တိုက်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မာဓိပတျာလင်္ကာရပါဆရာတော်ကြီး(၇)ပါး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ဆရာတော် ဘဒ္ဒန္တဓမ္မာဓိပတျာလင်္ကာရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော်ကြီးများ၏ အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆရာတော်ကြီးများအား သင်္ကန်း၊ ခေါက်ဆွဲခြောက်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြပြီး ဆရာတော် ဘဒ္ဒန္တဓမ္မာဓိပတျာလင်္ကာရထံမှ  ရေစက်ချ အနုမောဒနာတရားများနာယူကာ“ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မန္တလေးခရိုင်တွင် ဘုန်းတော်ကြီးကျောင်း(၃၀၂၅)ကျောင်းနှင့် သီလရှင်ကျောင်း(၂၄၀)ကျောင်းရှိပြီး ရဟန်း(၂၂၅၈၁)ပါး၊ သာမဏေ(၁၇၅၅၂)ပါး၊ သီလရှင် (၅၀၈၉)ပါး၊ စုစုပေါင်း(၄၅၂၂၂)ပါး ရှိရာ တစ်ဖာလျင် ခေါက်ဆွဲခြောက်ထုပ်(၃၀)ပါရှိသည့် ခေါက်ဆွဲခြောက် ထုပ်များကို(၂)ပါးလျင် တစ်ဖာနှုန်းဖြင့် ခေါက်ဆွဲခြောက်ထုပ်(၂၂၆၁၁)ဖာတို့အား ကိုဗစ်ကာလအတွင်း ဆွမ်းကိစ္စအထောက်အပံ့ဖြစ်စေရေးအတွက် လှူဒါန်း‌ခြင်းဖြစ်ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)